
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်မှာ အခုရက်ပိုင်းအတွင်း ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုကျပြီး လူနေအိမ် ၅ လုံး ရေထဲမျောပါသွားကာ အိမ် ၁၀ လုံးနဲ့ လူဦးရေ ၄၀ လောက်ကို ထပ်မံ ဘေးလွတ်ရာ ရွေ့ပြောင်းခဲ့ရတယ်လို့ လူမှုကူညီရေးအဖွဲ့တွေထံက သိရပါတယ်။
စက်တင်ဘာ ၉ ရက်က ဟင်္သာတမြို့နယ် အိပ်ပျက်ကျေးရွာအုပ်စုမှာရှိတဲ့ ငှက်ပျောတောကျေးရွာမှာ ဧရာဝတီမြစ်ရေတိုက်စားပြီး ကမ်းပါးပြိုမှုကြောင့် နေအိမ် ၅ လုံးမြစ်ထဲမျောပါသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ ၁၀ ရက်မှာလည်း ကမ်းပါပြိုတဲ့အထဲပါတော့မယ် နေအိမ် ၁၀ လုံး ကို ကူညီဖျက်ပေးဖို့ ဒေသခံတွေအကူအညီတောင်းခဲ့တယ်လို့ လူမှုကူညီရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
"ပထမနေ့မှာ ကမ်းပါပြိုတဲ့အထဲ လူနေအိမ် ၅ လုံးပါသွားပေမဲ့ လူတော့ ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ပါဘူး။ ကမ်းပါးတွေက ဆက်တိုက်ပြိုနေတော့ ဒေသခံတွေက နောက်ထပ် ၁၀ လုံးဖျက်ပြီး ရွှေ့ပေးဖို့ အကူအညီတောင်းတယ်။ လူဦးရေကတော့ ၄၀ လောက်ရှိမယ် ရွေ့လိုက်ရတာ။ အိမ်တွေကို ဒီတိုင်း ဖြိုလိုက်တာမဟုတ်ဘူး ပြန်ဆောက်လို့ရအောင်တခု ချင်းစီ ဖျက်လိုက်တာပေါ့။ အခု အခြေအနေက စိုးရိမ်ရတဲ့အခြေအနေဖြစ်နေပြီ။”
ဟင်္သာခရိုင်မှာ ပြီးခဲ့တဲ့သီတင်းပတ်တွေကတည်းက မိုးသည်းထန်စွာရွာသွန်းပြီး ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်ကျော်နေသလို ကမ်းပါပြိုကျမှုတွေ ဆက်တိုက်ဖြစ်နေတာ ဖြစ်ပါတယ်။
လတ်တလောရွေ့ပြောင်းခဲ့ရတဲ့ နေအိမ် ၁၀ လုံးအပါအဝင် လက်ရှိအချိန်အထိ ရွေ့ပြောင်းနေရတဲ့ အိမ်ခြေပေါင်း ၃၅၀ လောက်ရှိပြီး ဧရာဝတီမြစ်ရေတက်လာတာကြောင့် ယာယီ ဆောက်ထားတဲ့ မကြာခဏ ပြောင်းရွေ့နေရကာ တချို့အိမ်တွေဆို ရေမြုပ်နေလို့ ၄၊ ၅ ကြိမ်အထိ ပြောင်းရွေ့နေရ ပါတယ်။
ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် လက်ရှိအချိန်ထိ ကမ်းပါးပြိုပြီး မြစ်ထဲမျောပါသွားတဲ့ နေအိမ်ပေါင်း ၈၀ ကျော် လူဦးရေ ၃၀၀ ကျော် ရေဘေးရှောင်နေရသလို တာဝိုင်းထဲ ရေဝင်နေတာကြောင့်လည်း နေအိမ် ၂၀၀ ရာကျော်က လူဦးရေ ၉၀၀ နီးပါးမှာလည်း ရေဘေးရှောင်နေရပါတယ်။
ရေဘေးရှောင်တွေဟာ အစားအသောက်အတွက် အလှူရှင်တချို့ရှိနေပေမယ့် မလုံလောက်သလို ကျန်းမာရေးအတွက် ဆေးဝါးနဲ့ရေသန့်တွေလည်းလိုအပ်နေတယ်လို့ ကူညီပေးနေတဲ့ ပရဟိတသမားတဦးက ပြောပါတယ်။
"လက်ရှိအချိန်ထိတော့ အလှူရှင်တချို့ရဲ့ အကူအညီပေးမှုနဲ့ စတုဒီသာသဘောမျိုးအနေနဲ့ တော့ကျွေးနေပါတယ်။ နေရတာကလည်းယာယီနေရာဖြစ်သလို ရေတွေကသန့်ရှင်းမှုမရှိလို့ ကလေးငယ်တွေနဲ့ အသက်ကြီးတဲ့သူတွေအတွက် စိုးရိမ်စရာပါပဲ။ ယာယီနေတဲ့နေရာကလည်း အတည်မဟုတ်တာ ပြဿနာတခုလိုပဲ။ တနေရာပြောင်းလိုက် ရေတွေတက်လာလိုက်၊ ဖျက်ပြီး နောက်တနေရာမှာ ပြန်ဆောက်လိုက်ဆိုတော့ အခက်အခဲတွေ အများကြီးရှိတာပေါ့။ မိုးတွင်းလည်း ဖြစ်တာကြောင့် အစားအသောက်တွေထက်ကို ဆေးဝါးနဲ့ အမိုး အကာက ပိုလိုနေတယ်" လို့ပြောပါတယ်။
ရေဘေးရှောင်နေရတဲ့ လူဦးရေ ၁၀၀၀ ကျော်ဟာ အိပ်ပျက်ကျေးရွာအုပ်စုမှာရှိတဲ့ ဖောင်ဆိပ်၊ ငှက်ပျောတော၊ တာငုပ်နဲ့ အုန်းတောကျေးရွာတို့မှာ ဖြစ်ပါတယ်။