
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့နယ်မှာ စက်တင်ဘာ ၉ ရက် ညပိုင်းက စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ကျောင်းဆရာမ နှစ်ယောက် ထိခိုက် ဒဏ်ရာ ရသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒေါ့ဖုန်းယန်ကနေ နမ်ဆန်ယန်ဘက်ကို စစ်ကောင်စီတပ်က အင်အား ၁၀၀ လောက်နဲ့ ခလားတောင်ကြောအနီး စစ်ကြောင်းထိုးလာတာကို ကချင်လွတ်မြောက်ရေးတပ် (ကေအိုင်အေ) က ကြားဖြတ်တိုက်ခိုက်ခဲ့တာမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ကျောင်းဆရာမ ၂ ယောက် ဒဏ်ရာရှိခဲ့တာလို့ ဒေါ့ဖုန်းယန် ဒေသခံ တစ်ဦးက ပြောပါတယ်။
"တိုက်ပွဲကတော့ တနာရီလောက်ကြာတယ်။ စစ်တပ်ဘက်က ဒေါ့ဖုန်းယန်ကနေ လက်နက်ကြီးနဲ့ ပစ်ကူတာ။ စစ်တပ်ပစ်တဲ့ လက်နက်ကြီးကျည်က ဒေါ့ဖုန်းယန်ထဲ ပြန်ကျပြီး ကျောင်းဆရာမနှစ်ဦး ဒဏ်ရာ ရသွားတယ်။”
စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်ကြောင့် အလယ်တန်းပြ ဆရာမ ဒေါ်ခင်သန်းဝေနဲ့ မူလတန်းပြ ဆရာမ ဒေါ်အေးချမ်းဖြိုးတို့ဟာ ထိခိုက်ဒဏ်ရာ ပြင်းထန်ခဲ့တဲ့ အတွက် ဆေးကုသမှု ခံယူနေရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၃၀ ရက်ကလည်း စစ်ကောင်စီတပ်ဟာ ဒေါ့ဖုန်းယန်မြို့နယ် အူထန်ယန်ကျေးရွာက ဒေသခံ ၁၀ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး လမ်းမှာတွေ့ရတဲ့ အမျိုးသားတစ်ဦးကို လက်ပြန်ကြိုးတုပ်ကာ ဓားနဲ့ ထိုးသတ်သွားခဲ့ပါသေးတယ်။