DVB Logo
Home
မြန်မာသတင်း
တမူး၊ ခမိတ်ရွာသား ၁ ဦးကို စစ်တပ်ပစ်သတ်ပြီး ရွာတွင်းက ပစ္စည်းများခိုးယူသွား
DVB
·
September 10, 2023
တမူး၊ ခမိတ်ရွာသား ၁ ဦးကို စစ်တပ်ပစ်သတ်ပြီး ရွာတွင်းက ပစ္စည်းများခိုးယူသွား
Donate to DVB

အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမိတ်ရွာကို စက်တင်ဘာ ၉ ရက်နေ့က စစ်ကောင်စီတပ်သားတွေဝင်လာပြီး ကျေးရွာက ဒေသခံ အမျိုးသား တယောက်ကို ပစ်သတ်သွားသလို ကျေးရွာအတွင်းက ပစ္စည်းတွေကိုလည်း ခိုးယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်အား ၂၀၀ လောက်ရှိတဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေဟာ မနက်ပိုင်းမှာ နန်းမွန်းတားရွာကနေ ခမိတ်ရွာကို စစ်ကြောင်းထိုးဝင်ရောက်လာပြီး လမ်းဘေး ယာတောမှာ လယ်ယာလုပ်နေတဲ့ ခမိတ်ရွာသား ကိုသားငယ်ကို ပစ်သတ်သွားခဲ့တာလို့ ‌ဆိုပါတယ်။

ခမိတ်ရွာ ဒေသခံတယောက်က “မနက် ၁၀ နာရီ ဝန်းကျင်လောက်မှာ သေနတ်သံ ကြားလိုက်ရတာ။ သူကလယ်‌တောမှာ ရေကတွတ်ပေါက် ပိတ်နေတာ။ သူ့ကိုဘာလို့ ပစ်သတ်သွားမှန်း‌ သေချာမသိကြရဘူး။ စစ်ကြောင်းပြန်ထွက်မှ ကိုသားငယ် ပစ်သတ်ခံရမှန်းသိကြတာ။ ကိုသားငယ်က အသက် ၂၉ နှစ်ရှိပြီ။ ‌သေနတ်နဲ့ ရင်အုံကို ပစ်သတ်သွားတာ။ ဒီနေ့ (စက်တင်ဘာ ၁၀ ရက်)မှာ သင်္ဂြိုလ်လိုက်ကြပြီ” လို့ ပြောပါတယ်။

အိမ်ခြေ ၂၇၀ ဝန်းကျင်ရှိတဲ့ ခမိတ်ရွာမှာ လူဦးရေ ၁၀၀၀ လောက် နေထိုင်တယ်လို့ သိရပြီး ကျေးရွာက ဒေသခံအများစုဟာ စစ်ကောင်စီစစ်ကြောင်းလာပေမဲ့ ရွာကနေ ထွက်ပြေး တိမ်းရှောင်တာမရှိကြဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတချို့က အိမ်မှာနေထိုင်နေကြတဲ့ ခမိတ်ရွာသားတွေ အားလုံးကို ကျေးရွာအလယ်က စာသင်ကျောင်းကိုခေါ်ဆောင်သွားပြီး ‌ကျန်ရှိတဲ့ စစ်ကောင်စီ ပူးပေါင်းတပ်တွေက ရွာအတွင်းက နေအိမ်တွေကို မွှေနှောက်ကာ ပစ္စည်းတွေ ခိုးယူသွားတာလို့ ပြောပါတယ်။

နောက်ထပ် ခမိတ်ရွာခံတယောက်က “သူတို့က အိမ်မှာနေတဲ့ရွာသားတွေကို ဆင်းခဲ့လို့ ခေါ်ပြီး စာသင်ကျောင်းမှာ ရွာသားအားလုံး စုထားတယ်။ နောက်ပြီး ရွာကနေ အိမ်တွေကို မွှေတယ်။ အများစုက ဖုန်းတွေ၊‌ ရွှေ၊ ငွေ ပါသွားကြတယ်။ ဘာမှမရှိတဲ့ အိမ်ကဆို အနည်းဆုံး ငရုတ်၊ ဆီ၊ ဆားက အစယူသွားကြတာ” လို့ပြောပါတယ်။

ခမိတ်ရွာကအိမ်အားလုံးနီးပါးကို စစ်တပ်က မွှေနှောက်ရှာဖွေ ပစ္စည်းတွေယူဆောင်ပြီး ကျန်တဲ့ ပစ္စည်းတွေကိုလည်း ထုခွဲရိုက်နှက်ဖျက်ဆီးခဲ့ပါသေးတယ်။

လက်ရှိ အဲဒီစစ်ကြောင်းဟာ ခမိတ်ရွာကနေ ရန်ကြီးအောင်ရွာကို တဆင့်ဝင်ပြီး စစ်တပ်ထောက်ခံတဲ့ ပန်းသာရွာကို ဝင်ရောက်သွားကြပြီလို့ သိရပါတယ်။

ခမ်းပါတ်ဘက်ကနေ ထွက်လာတဲ့စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေဟာ နန်းမွန်းတာရွာမှာ စက်တင်ဘာ ၅ ရက်‌ကနေ ၉ ရက်နေ့အထိ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါသေးတယ်။

စက်တင်ဘာ ၅ ရက်ကနေ ၈ ရက်နေ့အထိ ဖြစ်ခဲ့တဲ့ တမူးမြို့နယ်၊ ရန်လင်းဖိုင်ရွာအနီးတိုက်ပွဲမှာ တမူး PDF ပူးပေါင်းတပ်ဘက်က ၈ ယောက် ကျဆုံးခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်တွေဘက်က ပြောပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်ကလည်း ထိခိုက်ကျဆုံးတာရှိသလို စစ်ကောင်စီ တပ်တွေဟာ နန်းမွန်းတားရွာက ဒေသခံနေအိမ်တွေကိုလည်း မီးရှို့ ဖျက်ဆီးခဲ့ပါသေးတယ်။

ဩဂုတ် ၂၈ ရက်နေ့ကလည်း ထင်းဇင်ရွာနဲ့ ဘုတ်ကန်ရွာကြားက ကျောက်မီးသွေး သိုလှောင်စခန်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေနဲ့ အမျိုးသားလွတ်မြောက်ရေး တပ်တော် NLA တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013