Home
မြန်မာသတင်း
ရေးတွင် လက်နက်ကြီးကျရောက်၍ ထွက်ပြေးသူ ၁ ဦး အမောဖောက်သေဆုံး
DVB
·
September 10, 2023

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ စက်တင်ဘာ ၉ ရက် မွန်းလွဲပိုင်းက စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ထွက်ပြေးတဲ့ ဒေသခံသက်ကြီးပိုင်းတယောက် အမောဖောက် သေဆုံးသွားပါတယ်။

PDF တွေ ဝင်ရောက်လာတယ်လို့ သတင်းထွက်ပြီးနောက်ပိုင်း စစ်ကောင်စီ အခြေစိုက် ခလရ ၆၁ တပ်ရင်းကနေ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာဖြစ်ပြီး အခုလိုပစ်ခတ်တာလို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီးကျည်တခုဟာ အိုင်ဘုတ်ခြံစုထဲမှာ ကျရောက်ပေါက်ကွဲသွားပြီး အသက် ၆၀ ကျော် အရွယ် ခြံရှင်အမျိုးသားတယောက် ကြောက်လန့်ထွက်ပြေးခဲ့ရာက အမောဖောက်ပြီး ရေးမြို့နယ် ဆေးရုံအရောက်မှာ သေဆုံးခဲ့တယ်လို့ မိသားစုဝင်နဲ့ နီးစပ်တဲ့သူတွေက ပြောပါတယ်။

အခုလို စစ်တပ်ဘက်က လက်နက်ကြီးပစ်ခတ်တဲ့အခါ လက်နက်ကြီးကျည်တွေဟာ စိုက်ပျိုးရေးခြံတွေထဲကို မကြာခဏ ကျရောက်ပေါက်ကွဲလေ့ရှိတာကြောင့် အလုပ် မလုပ်ရဲကြဘူးလို့ ခြံသမားတွေက ပြောပါတယ်။

ရေးမြို့နယ်ဝန်းကျင်မှာ လှုပ်ရှားနေတဲ့ ဒေါနစစ်ကြောင်းကလည်း မြို့ပြပြောက်ကျား တပ်ဖွဲ့တွေကို ဖြန့်ကျက်ထားပြီးဖြစ်တာကြောင့်   ရေးမြို့နယ်ထဲက ပျူစောထီးတွေ၊ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေအနေနဲ့ ပြည့်သူ့တော်လှန်ရေးတပ်ဖွဲ့ တွေဆီ အမြန်ဆုံး ပူးပေါင်းအလင်းဝင်ကြဖို့ စက်တင်ဘာ ၉ ရက်နေ့မှာ ထပ်ပြီး သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂ ရက်နေ့က  ဒေါနစစ်ကြောင်းဟာ မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ မွန်ပြည် တော်လှန်ရေးတပ် MSRF၊ ရေးပြောက်ကျားတပ်ဖွဲ့ YGF၊  ABSDF တပ်ရင်း ၁ နဲ့ KNLA တပ်ရင်း ၂၇ တို့နဲ့ ပူးပေါင်းပြီး စကခ ၁၉ လက်အောက်ခံ ခလရ ၆၁ က လက်ခတ်တောင်နဲ့ ကော့ကရိတ်ဘက်ခြမ်းကို ထုတ်နုတ်အင်အားတွေ ပေးပို့နေတဲ့ နေရာကို ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ထုတ်နုတ်အင်အား ပေးပို့ဖို့ လူစုနေတဲ့ သတင်းရတာကြောင့် လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဗိုလ်ကြီး ၁ ယောက်အပါအဝင်  စုစုပေါင်း ၃ ယောက် သေဆုံး၊ ၃၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေါနစစ်ကြောင်းက ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024