DVB Logo
Home
မြန်မာသတင်း
ပုလဲမြို့နယ်က PDF စခန်းဟောင်းကို စစ်ရဟတ်ယာဉ်လာရောက်ပစ်ခတ်
DVB
·
September 10, 2023
ပုလဲမြို့နယ်က PDF စခန်းဟောင်းကို စစ်ရဟတ်ယာဉ်လာရောက်ပစ်ခတ်
Donate to DVB

စစ်ကိုင်းတိုင်း၊ ယင်မာပင်ခရိုင်၊ ပုလဲမြို့နယ်မှာ PDF စခန်းဟောင်းတခုကို စစ်တပ်က ရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီစစ်ကြောင်းတခုကိုလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့ပါတယ်။

ဆားလင်းကြီးမြို့နယ်၊ စက်မှု ၁ ကနေ စက်တင်ဘာ ၆ ရက်‌နေ့ မနက်ပိုင်းမှာ အင်အား ၁၀၀ လောက်နဲ့ထွက်လာတဲ့ စစ်ကြောင်းဟာ ရေဝင်တာရွာ၊ ကျွန်းဒိုပင်ရွာ၊ မြေဇွန်ရွာ၊ ဆုံတာရွာတို့ကို ဝင်ရောက်မီးရှို့ပြီး ကျားတက်ရွာကနေ ပုလဲမြို့နယ်ထဲကို ရောက်လာပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်ခိုက်ခဲ့တာပါ။

ဒေါင်းနက်အဖွဲ့တာဝန်ရှိသူ ဆရာ ပေက “တိုက်ပွဲက ကျနော်တို့ ပုလဲမြို့နယ်၊ ကြိုးကြာဥရွာအနီးမှာ ဖြစ်တာဗျ။ ဒီကောင်တွေ ပုလဲမြို့ကို သွားမယ်ထင်တယ်ဗျ။ သူတို့ ကျားတက်ရွာကနေ ထွက်လာကတည်းက ကျနော်တို့ ကြိုတင်ပြင်ဆင်ပြီး တိုက်ခိုက်ခဲ့တာဗျ။ ဘယ်လိုတိုက်တာလဲဆိုတော့ ကြိုတင်မိုင်းထောင်ပြီး တိုက်ခဲ့တာပါဗျ။ မိုင်းက ရှေ့ထွက်မိုင်း ၆ လုံးနဲ့ မိုင်းဆွဲခဲ့တာပါ။ ထိခိုက်မှုကတော့ ခွေးတွေဘက်က ရှိလောက်မယ်ဗျ။ အတိကျတော့ မသိရသေးဘူး။ သူတို့ ကျနော်တို့ မိုင်းဆွဲပြီး ပုလဲမြို့ကို ဆက်မသွားနိုင်ဘဲ ကြိုးကြာဥရွာဆီ သေဆုံးထိခိုက်ဒဏ်ရာရတဲ့ ကောင်တွေထမ်းပြီး နောက်‌ကြောင်းပြန် ခေါက်သွားတယ်။ ကျနော်တို့ဘက်ကတော့ မိုင်းဆွဲပြီး ပြေးတာဆိုတော့ အထိခိုက်မရှိခဲ့ဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီ စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး စစ်ကောင်စီနဲ့ ပြည်သူကာကွယ်ရေးအဖွဲ့တွေဟာ စစ်ရေး တင်းမာနေသလို စက်တင်ဘာ ၉ ရက် မွန်းလွဲပိုင်းမှာလည်း ပုလဲမြို့နယ် အနောက်‌ခြမ်း၊ ပုံတောင်ပုံညာတောင်ပေါ်က ပြည်သူ့ကာကွယ်ရေးစခန်းဟောင်းတခုကို စစ်တပ်က ရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်သွားတယ်လို့ သိရပါတယ်။

Mi35 အမျိုးအစား တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ မုံရွာမြို့၊ နမခစစ်တပ်ထဲကနေ မွန်းလွဲ ၂ နာရီလောက်မှာ လာရောက်ပစ်ခတ်ခဲ့တာပါ။

ပုလဲ ပအဖအဖွဲ့ဝင်တယောက်ဖြစ်တဲ့ ကိုတိုးဝေအောင်က “ပစ်တဲ့နေရာက ပုလဲ-ဂန့်ဂေါ-ကလေး လမ်းမကြီးရဲ့‌ မြောက်ဘက်က တော်လှန်ရေးအဖွဲ့စ‌‌ခန်းဟောင်းကို မိနစ် ၃၀ လောက် လာပစ်သွားတာဗျ။ စခန်းဟောင်းကလည်း စခန်းအစောင့်အနေနဲ့ ရဲဘော် ၄ ယောက်ပဲ ထားတဲ့စခန်းဆို‌တော့ သူတို့လာပစ်တာ ကြိုသတင်းရလို့ အချိန်မီ ရှောင်နိုင်ပြီး အထိအခိုက်မရှိခဲ့ဘူး။ စခန်းအနီးအနားက တောင်ယာလုပ်တဲ့‌‌ တောတဲအနီးတော့ ကျည်အပိုင်းအစတွေ ကျတာတော့ ရှိခဲ့တယ်။ အထိအခိုက် အကျဆုံးကတော့ အခုအချိန်ထိစုံစမ်းတာ တယောက်မှ မရှိသေးဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

အခုလို လေယာဉ်နဲ့လာပစ်လို တောင်ပေါ်မှာ တောတဲထိုးပြီး တောင်ယာလုပ်ငန်း လုပ်ကိုင်ကြတဲ့ ဒေသခံ ၃၀ ကျော်ဟာ ဆက်လက်မလုပ်ကိုင်ရဲတော့ဘဲ သူတို့ကျေးရွာတွေဆီ ပြန်ပြေးကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013