DVB Logo
Home
မြန်မာသတင်း
လိုင်ဇာမြို့အနီးတဝိုက်ကို လက်နက်ကြီးများပစ်ခတ်၍ ၂ ဦး ဒဏ်ရာရ
DVB
·
September 10, 2023
လိုင်ဇာမြို့အနီးတဝိုက်ကို လက်နက်ကြီးများပစ်ခတ်၍ ၂ ဦး ဒဏ်ရာရ
Donate to DVB

ကချင်ပြည်နယ်၊ လိုင်ဇာမြို့တဝိုက်နဲ့ ဒေါ့ဖုန်းယန်မြို့ထဲကို စစ်ကောင်စီတပ်တွေက မနေ့ညက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကျောင်းဆရာမ ၂ ယောက် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန် အခြေစိုက် ခလရ ၁၄၂ တပ်ရင်းစခန်းက ဒေါ့ဖုန်းယန်မြို့ထဲကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာကြောင့် ဒေါ့ဖုန်းယန် အထက်တန်း ကျောင်းဝင်းထဲက ဝန်ထမ်းတွေနေထိုင်တဲ့ အိမ်နားကို လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့ပြီး ဆရာမ ၂ ယောက် ထိခိုက်ဒဏ်ရာရသွားတယ်လို့ ကနဦးအနေနဲ့ သိရပါတယ်။

အလယ်တန်းပြဆရာမ ဒေါ်ခင်သန်းဝေနဲ့ မူလတန်းပြဆရာမ ဒေါ်အေးချမ်းဖြိုးတို့ ဒဏ်ရာရခဲ့လို့ ဆေးကုသမှုခံယူနေတယ်လို့ ဒေသခံက ပြောပြီး တခြား ရင်းမြစ်တခုကတော့ တယောက်သေဆုံး၊ တယောက်ဒဏ်ရာရတယ်လို့  ပြောဆိုပေမယ့် အတည်မပြုနိုင်သေးဘဲ ဆက်လက်စုံစမ်းနေတုန်းဖြစ်ပါတယ်။

ပြီးတော့ မနေ့ည ၇ နာရီလောက်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးအထိုင်စခန်းဖြစ်တဲ့ ခယာဘွမ်တောင်ပေါ်ကနေ လိုင်ဇာမြို့တဝိုက်ကို လက်နက်ကြီးတွေပစ်ခတ်ခဲ့လို့ အရပ်သားနဲ့ စစ်ရှောင်တွေ စိုးရိမ်ထိတ်လန့်ခဲ့ကြရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

လိုင်ဇာဒေသခံတယောက်က “ညနေဘက် မှောင်ခါစပဲရှိသေးတယ်။ လက်နက်ကြီးသံတွေ ညံသွားတာပဲ။ နီးလည်းနီးတယ်။ ၁၀ လုံးထက်တော့မနည်းဘူး။ လမ်းပေါ်မှာ လူတွေတောင်ရှင်းသွားတာပဲ” လို့ ပြောပါတယ်။

စစ်အင်အားအလုံးအရင်းနဲ့ နမ်ဆန်ယန်၊ ဒေါ့ဖုန်းယန်ကို ဝင်ရောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ထောက်ပို့ယာဉ်တန်းတွေဟာ စက်တင်ဘာ ၆ ရက်နေ့ကစပြီး ပိတ်ဆို့ တိုက်ခိုက်ခံရတာကြောင့် အထိခိုက်များနေတယ်လို့လည်း ဒေသတွင်း သတင်းရင်းမြစ်က ပြောပါတယ်။

စက်တင်ဘာ ၆ ရက်က ဂျာပူရွာအနီးမှာဖြစ်ပွားတဲ့ တိုက်ပွဲနဲ့ စက်တင်ဘာ ၇ ရက် ဒေါဖုန်းယန်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ ၃၆ စင်းပါ ထောက်ပို့ယာဉ်တန်းဟာ ကချင်လွတ်မြောက်ရေးတပ် KIA ရဲ့ အပြင်းအထန် တိုက်ခိုက်တာကိုခံရတာကြောင့် အသေအပျောက်များနေပြီး ယာဉ်တန်းပြန်ထွက်နိုင်ဖို့ လက်နက်ကြီးပစ်ကူကို အဓိက အားထားနေရတာဖြစ်ပါတယ်။

ဇူလိုင် ၃ ရက်က စတင်ပြီး နမ်ဆန်ယန်နဲ့ အနီးတဝိုက်ကို ခြေကုပ်ရယူဖို့ အင်အားတိုးချဲ့လာတဲ့ စစ်ကောင်စီတပ်တွေကို ကချင်လွတ်မြောက်ရေးတပ် KIA က ဒေါ့ဖုန်းယန်၊ အောင်ဂျာ၊ ခလား၊ မဒီးယန် စတဲ့နေရာတွေမှာ အသာစီးရယူ ပိတ်ဆို့ တိုက်ခိုက်ထားတာကြောင့် စစ်ကောင်စီတပ်တွေပိတ်မိနေပြီး စစ်ရေးအရ တင်းမာနေလို့ ပြည်သူတွေအသုံးပြုနေတဲ့ မြစ်ကြီးနား-ဗန်းမော် လမ်းကြောကိုလည်း အသုံးပြုသူ နည်းပါးသွားပြီး ဒေသတွင်းရောင်းဝယ်ဖောက်ကားတဲ့ ကုန်စျေးနှုန်းတွေ မြင့်တက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013