Home
မြန်မာသတင်း
ဝက်လက်မြို့နယ်အရှေ့ခြမ်းရွာအချို့ကို စစ်တပ်က မီးရှို့၊ ဒေသခံ ၁ ဦးကိုသတ်
DVB
·
September 9, 2023

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ အရှေ့ဘက်နဲ့ အရှေ့တောင်ခြမ်းက ရွာတချို့ကို စစ်ကောင်စီတပ်က မီးရှို့ခဲ့ပြီး ပေါက်ကန်ရွာကို ဒီနေ့ စက်တင်ဘာ ၉ ရက်နေ့ မနက် ၉ နာရီအချိန်က မီးရှို့ခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေး ခေါင်းဆောင်တွေ ဆီကနေ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ပေါက်ကန်ရွာမနဲ့ ၆ ဖာလုံလောက်ကွာဝေးတဲ့ ပေါက်ကန်ဘူတာမှာ စက်တင်ဘာ ၁ ရက်နေ့ကတည်းက အထိုင်ချ တပ်စွဲထားတဲ့တပ် ဖြစ်တယ်လို့လည်း ဒေသခံ‌ ပကဖတာဝန်ရှိသူတွေက ပြောပါတယ်။

ရွှေဘိုခရိုင်တပ်ရင်း ၁၈ က တာဝန်ရှိသူတယောက်ဖြစ်တဲ့ ကိုစွန်ရဲက “တိုက်ပွဲကတော့ မဖြစ်ဘူး။ သူတို့ကို PDF က လာတိုက်မှာစိုးလို့ မြင်ကွင်းရှင်းတဲ့သဘောပါဗျ။ နောက်တချက်က ဒီကောင်တွေ ပေါက်ကန်ကိုမီးရှို့တာက ရွာရဲ့ မြောက်ခြမ်းနဲ့ အနောက်မြောက်ခြမ်းကို အဓိက ဦးစားပေး ရှို့သွားကြတာပါ။ ကျနော်တို့ဘာလို့ အဲလိုပြောနိုင်တာလဲဆိုတော့ ကျနော်တို့အဖွဲ့က ကောင်းကင်ကနေ ဒရုန်းနဲ့ စခတွေ လုပ်ဆောင်တာကို ကြည့်နေလို့ အခုလို ပြောနိုင်တာပါဗျ။ သူတို့ ရွာကိုမီးလာရှို့တာ စစ်သား ၁၃ ယောက်နဲ့ မီးလာရှို့ပြီး ပေါက်ကန်ဘူတာကို ပြန်သွားတယ်။ မီးလောင်ဆုံးရှုံးတဲ့အိမ်ကတော့ အလုံးအရေအတွက် ၅ဝ နီးပါးခန့်ရှိမယ်” လို့ ပြောပါတယ်။

အခုပေါက်ကန်ရွာကို မီးရှို့တဲ့စစ်ကောင်စီတပ်ကဟာ ပြီးခဲ့တဲ့ လပိုင်းက ဝက်လက်မြို့နယ်၊ ထန်းကြီးရွာကို မီးရှို့ခဲ့တဲ့ စစ်တပ်ဖြစ်ပါတယ်။။

အဲဒီစစ်တပ်ဟာ စစ်ကိုင်းမြို့နယ်နဲ့ဝက်လက်မြို့နယ်ကို မီးရထားပြေးဆွဲနိုင်ဖို့ မီးရထား လမ်းပြင်တဲ့ စစ်ကောင်စီတပ်တွေလည်းဖြစ်ပြီး ဒေသခံတွေကတော့ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတဲ့ ဩဂုတ်လဆန်းပိုင်းကနေ အခု စက်တင်ဘာလအထိ နေရပ်စွန့်ခွာ နေကြရတာဟာ တလကျော်ရှိနေပြီဖြစ်ပါတယ်။

နေရပ်စွန့်ခွာထွက်ပြေးနေရတာ အချိန်ကြာမြင့်လာတာနဲ့အမျှ ဒေသခံတွေ စားသောက်ရေး ခက်ခဲလာတာကြောင့် ရွှေဘိုခရိုင်တပ်ရင်း ၁၈ နဲ့ ဝက်လက်မြို့နယ် ဗိုလ်ကျားကြီး LPDF အဖွဲ့က ကူညီကျွေးမွေးပေးခဲ့တယ်လို့ စစ်ဘေးရှောင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စက်တင်ဘာ ၇ ရက်နေ့ကလည်း ဝက်လက်မြို့အရှေ့ခြမ်း ဖိုးဝင်းတပ်ရွာကို စစ်ကောင်စီ မြေပြင်စစ်ကြောင်းက ဝင်ရောက်လာခဲ့ပြီး အကြောင်းမဲ့ နေအိမ် ၁၁ လုံး ကို မီးရှို့ဖျက်ဆီးခဲ့သလို ဖိုးဝင်းတပ်ရွာက အမျိုးသားတယောက်ကိုလည်း သတ်ဖြတ် သွားခဲ့တယ်လို့ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ တာဝန်ရှိသူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

"သေဆုံးသူက ဖိုးဝင်းတပ်ရွာက အမျိုးသားတယောက်ပါ။ နာမည်နဲ့ အသက်ကိုတော့ မသိရသေးပါဘူး။ ဝက်လက်အရှေ့ခြမ်းမှာက စစ်ရှောင်စခန်းပုံစံမရှိပါဘူး။ စစ်ကြောင်းပတ်ထိုးနေတာဆိုတော့ လွတ်ရာပတ်ပြေးနေရတာပဲ။ ဒေသခံ ၁၀,၀၀၀ နီးပါး စစ်ရှောင်နေရတာပါ။ ဝက်လက်မြို့နယ်အရှေ့ခြမ်းက ကျေးရွာအားလုံးနီးပါးပါပဲ" လို့ ပြောပါတယ်။

ဝက်လက်မြို့နယ်အရှေ့ခြမ်းကို စစ်ကောင်စီတပ်က စစ်ကြောင်း ၆ ကြောင်းခွဲပြီး စစ်ကြောင်းဝိုင်းပတ်ထိုးနေတဲ့အတွက် ပြည်သူတွေအနေနဲ့ မိုးရွာရွာ နေပူပူ စစ်ရှောင်နေရကာတချို့ကျေးရွာတွေက စစ်ရှောင်နေရတာ ၁ လနီးပါးရှိနေပြီဖြစ်ကာ အခြေခံ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ ဓာတ်ဆားတချို့ လိုအပ်နေပြီး ဆက်သွယ် လှူဒါန်းပေးနိုင်တယ်လို့ ဝက်လက်မြို့နယ်၊ လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာတော့ ဝက်လက်မြို့နယ်အရှေ့ခြမ်း ဖိုးဝင်းတပ်ရွာကိုမီးရှို့ဖျက်စီးခဲ့တဲ့ စစ်ကြောင်းဟာ ​ဩဂုတ် ၈ ရက်၊ မနက် ၉ နာရီလောက်မှာ ဖိုးဝင်းတပ်ရွာရဲ့ အရှေ့တောင်ဘက်ကနေ တောင်ဘက်ကို အတန်းလိုက်ထွက်ခွာသွားပြီး ရှေ့ကင်းအဖွဲ့ကတော့ မင်းကုန်းရွာမြောက်ဘက် လျှော်ဖြူခြံကို ရောက်နေပြီလို့ Wetlet Information Network ကထုတ်ပြန်ထားပါတယ်။

ပင်မစစ်ကြောင်းကတော့ ဖိုးဝင်းတပ်ရွာတောင်ဘက် ရွှေမျောထန်းတောထဲမှာ ကျန်ရှိနေသေးပြီး မင်းကုန်းရွာ၊ နဘဲပင်လှရွာဘက်ကို ဦးတည်နိုင်တယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024