
မြန်မာအသင်းဟာ ပထမပိုင်းမှကတည်းက ဂိုးသွင်းခွင့်တွေ အများကြီးရခဲ့ပေမဲ့ အဆုံးသတ် မသေချာတာကြောင့် နီပေါအသင်းကိုသရေကျခဲ့တာဖြစ်တယ်လို့ မြန်မာလက်ရွေးစင် ဘောလုံးအသင်း နည်းပြ ဖက်ချ်တန်ဘိုင်နာက ပွဲအပြီးမှာ ပြောပါတယ်။
မြန်မာလက်ရွေးစင်အသင်းဟာ နီပေါလက်ရွေးစင်အသင်းနဲ့ ဖီဖာနိုင်ငံတကာခြေစမ်းပွဲအဖြစ် စက်တင်ဘာ ၈ ရက် မနေ့ ညနေ ၅ နာရီမှာ သုဝဏ္ဏကွင်းအတွင်း ယှဥ်ပြိုင်ကစားခဲ့ရာ အောင်သူနဲ့ သန်းပိုင်တို့အပါအဝင် မြန်မာအသင်း အပိုင်ဂိုးသွင်းခွင့်တွေ ရရှိခဲ့ပေမဲ့ ဂိုးရအောင် မသွင်းနိုင်ခဲ့လို့ ဂိုးမရှိသရေကျခဲ့တာ ဖြစ်ပါတယ်။
ပွဲအပြီးမှာ နည်းပြ ဖက်ချ်တန်ဘိုင်နာက “ပြဿနာက ကျနော်တို့ ပထမပိုင်းဂိုးမရခဲ့တာပါ။ ဂိုးသွင်းခွင့်အများကြီးရခဲ့ပေမဲ့ ဂိုးတော့ မရရှိခဲ့ပါဘူး။ ဒုတိယပိုင်းကတော့ ခြားနားသွားပါပြီ နီပေါအသင်းက ပိုကောင်းလာသလို ပိုလည်း ထိန်းချုပ်လာနိုင်ပါတယ်။ နီပေါအသင်းရဲ့ ပင်နယ်တီကို ကာကွယ်နိုင်ခဲ့တဲ့ ဂိုးသမားကျော်ဇင်ဖြိုးကို ချီးကျူးပါတယ်။ ကစားသမား တချို့ဟာ သက်ဆိုင်ရာကလပ်တွေမှာ ပွဲထွက်ခွင့်နည်းတာကြောင့် ကြံ့ခိုင်မှုပိုင်းမှာ ပြဿနာ အနည်းငယ် ရှိနေပါတယ်" ပြောပါတယ်။
မြန်မာလက်ရွေးစင်အသင်းဟာ နီပေါလက်ရွေးစင်အသင်းထက် ကမ္ဘာ့အဆင့် ရပ်တည်ချက်သာတဲ့အပြင် အိမ်ကွင်းမှာပါကစားခဲ့ရပေမဲ့ ခြေစွမ်းအသာမရခဲ့တဲ့အပြင် နီပေါအသင်းရဲ့ ပင်နယ်တီမဝင်ခဲ့တာကြောင့်ပါ ရှုံးပွဲမကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။
မြန်မာလက်ရွေးစင်အသင်းနဲ့ နီပေါအသင်းတို့ရဲ့ ဒုတိယ မြောက် ဖီဖာနိုင်ငံတကာ အသိအမှတ်ပြု ခြေစမ်းပွဲကို စက်တင်ဘာ ၁၁ ရက် ညနေ ၅ နာရီ ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာပဲ ယှဥ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။
Photo.MFF










