DVB Logo
Home
မြန်မာသတင်း
PDF အချင်းချင်း မညီညွတ်မှုက ပြည်သူ့ယုံကြည်မှု ကျဆင်းလာနိုင်သဖြင့် သတိထားကြရန် တိုက်တွန်း
DVB
·
September 8, 2023
PDF အချင်းချင်း မညီညွတ်မှုက ပြည်သူ့ယုံကြည်မှု ကျဆင်းလာနိုင်သဖြင့် သတိထားကြရန် တိုက်တွန်း
Donate to DVB

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်း  မြေပြင် PDF တွေ အချင်းချင်း မညီညွတ်မှုတချို့ရှိနေပြီး ပြည်သူတွေရဲ့ ယုံကြည်မှုကျဆင်းလာနိုင်တာကို သတိထားကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ခေါင်းဆောင်တချို့က တိုက်တွန်းပါတယ်။

ပြည်သူ့ခုခံတော်လှန်စစ် ကြေညာပြီး ၂ နှစ်ကြာချိန်မှာ တော်လှန်ရေးဟာ မြင်သာတဲ့ အောင်မြင်မှုတွေရှိခဲ့ပြီး နေပြည်တော်က စစ်ဗိုလ်ချုပ်တွေကို မလုံခြုံမှုတွေခံစားရတဲ့အထိ ဆောင်ရွက်နိုင်ခဲ့ပေမဲ့ လက်နက်ကိုင်တော်လှန်ရေးအစုအဖွဲ့တွေရဲ့ သဘာဝအတိုင်း မညီညွတ်မှုတချို့လည်း ရှိနေခဲ့တာပါ။

တော်လှန်ရေး အချိန်ကြာလာတာနဲ့အမျှ အလှူရှင်တွေ ပင်ပန်းလာတာ၊ တော်လှန်ရေးအပေါ် အခွင့်အရေးယူပြီး ငွေကြေးအလှူခံ အမြတ်ထုတ်သူတချို့ ရှိနေတာ၊ မြေပြင်မှာ လက်နက်ကိုင်ထားတယ်ဆိုပြီး အာဏာအလွဲသုံးတာတွေ ရှိနေတာကြောင့် တော်လှန်ရေးဟာ အချိန်ပိုကုန်နေရတယ်လို့  Zero ပြောက်ကျားတပ်ဖွဲ့မှ   ဗိုလ်ဇီးရိုးက ပြောပါတယ်။

“ဘယ်သူဖြစ်ဖြစ် အတ္တလျှော့ရမယ်၊ တော်လှန်ရေးသမားလို့ ခံယူထားရင် အတ္တလျှော့ရမယ်။ ဒါမှသာလျှင် ကျနော်တို့က ရှေ့ရောက်မှာဗျ။ ငါလုပ်ချင်တာလုပ်မယ်၊ ငါ ဒီစည်းကမ်းချတာ လိုက်နာရမယ်ဆိုတဲ့ ပုံစံတွေနဲ့လည်း သိပ်မဖြစ်ဘူး။ မြေပြင်နဲ့လည်း အချိတ်အဆက်မိမိ လုပ်ကြပါ။ ကျနော်တို့က အသက်ဆိုတာလည်း ထည့်ကိုမတွက်တာ။ ဒီလိုမျိုးစဉ်းစားပြီး တော်လှန်ရေးလုပ်လာတာ။ ကျနော်တို့က ဦးတည်ရာမဲ့သလို ဖြစ်နေတယ်ဗျာ။ Chain of Command လို့သာ တွင်တွင်ပြောနေပေမဲ့ COC ဆိုတာ ဘာမှန်းမသိဘူး ဖြစ်နေတယ်။ အဲဒီတော့ COC တည်ဆောက်ဖို့အတွက် ဘာလုပ်ရမယ် ဘာလုပ်သင့်တယ်ဆိုတာ သက်ဆိုင်ရာ အကြီးအကဲတွေက အမြန်ဆုံးချမှတ်ပြီးတော့ လုပ်ပါ။ ကျနော်တို့က လိုက်နာဖို့အရန်သင့်ပဲ။"

စစ်ကောင်စီရဲ့ ဖိအားပေး တိုက်ခိုက်တာကို ကြုံတွေ့နေရတဲ့ အနောက်မြောက်တိုင်းစစ်ဒေသ စစ်ကိုင်းနဲ့ မကွေးတိုင်းတို့မှာ တော်လှန်ရေးကို ထောက်ပံ့တဲ့ ပြည်သူတွေကိုယ်တိုင် နစ်နာဆုံးရှုံးမှုတွေ ဆက်တိုက်ဖြစ်ခဲ့တာကြောင့် ရေရှည်မှာ ပြည်သူအချင်းချင်း အကူအညီပေးနိုင်ဖို့ကို အခက်အခဲရှိလာတယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၁၂ တာဝန်ရှိသူက ပြောပါတယ်။

Guerilla Ranger - ယင်းမာပင်ခရိုင် တပ်ရင်း ၁၂ မှ ကိုနေမင်းက “တချို့တချို့ PDF တွေ ဆန်ဝယ်စားနေရပြီ။ ဒါအလားအလာ မကောင်းဘူး။ ဖြစ်နေတာ ဒီ စစ်ကိုင်းနဲ့ မကွေးဘက်မှာ ဖြစ်နေတာ။ စောစောကာလတွေမှာဆို ပြည်သူတွေက ဘယ်ရွာပဲသွားသွား ဝိုင်းလှူကြတယ်။ ထောက်ပို့ကြတယ်ပေါ့။ လက်နက်ကိုင်ဆို ချစ်ပြီးသားပဲ။ သို့သော် သူတို့ အနီးနားဝန်းကျင်မှာရှိနေတဲ့ တချို့သောလက်နက်ကိုင်တွေက ရိုင်းစိုင်းသော အပြောအဆိုတွေ လုပ်ရပ်တွေ သတ်ဖြတ်မှုတွေ၊ ဒါတွေ မြင်ရတဲ့အခါကျတော့ တဖြည်းဖြည်းနဲ့ တချို့သော ပြည်သူတွေက နှစ်ဖက်ကြောက် ကြောက်နေရတဲ့အဆင့် မြေပြင်မှာဖြစ်နေတာရှိတယ်။ ဖြစ်လည်း ဖြစ်နေတယ်ပေါ့။ ဒါက မကောင်းဘူး၊ တကယ်မှန်မှန်ကန်ကန် COC နှစ်ရပ်နဲ့ အမိန့်နာခံမှု စစ်သည်တော်ကျင့်ဝတ်၊ ဒီကျင့်ဝတ်တွေနဲ့ လိုက်နာဆောင်ရွက်နေတဲ့ PDF စစ်စစ်၊ တော်လှန်ရေးသမားစစ်စစ်တွေလည်း အများကြီးထိခိုက်တယ်။ နစ်နာတယ်”လို့ ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလကတော့  မြေပြင်က ဒေသခံကာကွယ်ရေးတပ်တွေမှာ စစ်အာဏာရှင်တွေရဲ့ အမူအကျင့်တွေရှိလာရင် ခြေမ မကောင်း ခြေမ၊ လက်မ မကောင်း လက်မ ဖယ်ထုတ်မယ်လို့ မနေ့က  ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခြင်း ၂ နှစ်ပြည့် မိန့်ခွန်းမှာပြောသွားပါတယ်။  

ဒူဝါလရှီးလက “ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကို ကျနော့်အနေနဲ့ အထူးမေတ္တာရပ်ခံလိုတာက ကျနော်တို့ PDF များနဲ့အတူ မဟာမိတ်များက စစ်ကောင်စီကို ထိုးစစ်ဆင်တိုက်ခိုက်မှု အကောင်အထည်ဖော်တဲ့အပိုင်းမှာ ပူးပေါင်းပါဝင်ကြပါ။ စစ်ရေးမှာ စနစ်တကျ အဆင့်ဆင့် အမိန့်ပေးကွပ်ကဲမှု (Chain of Command) ရှိဖို့ဟာ အသက်တမျှ အရေးကြီးပါတယ်။ ဒါကြောင့် Chain of Command တခုတည်းအောက်မှာ တော်လှန်ရေးအောင်ပွဲပန်းတိုင်ကို အရယူကြဖို့ မေတ္တာရပ်ခံတိုက်တွန်းလိုပါတယ်”လို့ ပြောပါတယ်။

ပြည်သူခုခံတော်လှန်စစ် ကြေညာခြင်း ၂  နှစ်ပြည့်ချိန်မှာ NUG က မဟာဗျူဟာကျကျ တပ်ရင်းတပ်ဖွဲ့တွေ ဖွဲ့စည်းထားနိုင်တဲ့အဆင့်ကိုရောက်ရှိနေပြီး နည်းပညာမြင့် ဒရုန်းတွေနဲ့ စစ်ကောင်စီကို တိုက်ခိုက်ချေမှုန်းနိုင်ပြီလို့လည်း ယာယီသမ္မတ ဒူဝါလရှီးလက သူ့ရဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

စစ်ဒေသ ၃  ခုမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်းပေါင်း  ၃၀၀ ကျော် ဖွဲ့စည်းထားနိုင်ပြီး တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး မဟာမိတ်အင်အားစုတွေနဲ့ ကောင်းမွန်တဲ့ချိတ်ဆက်မှု တွေရှိထားပြီဖြစ်ကြောင်းနဲ့ PDF တပ်ဖွဲ့ဝင်တွေ ချင်းချင်းကြားမှာ ညီညွတ်မှုရှိကြဖို့လည်း တိုက်တွန်း ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013