မကွေးတိုင်း၊ ဆောမြို့နယ်မှာ စစ်တပ်ကပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး မြို့ခံပြည်သူ ၅ ဦး ဒဏ်ရာရရှိကာ ၃ ဦးကတော့ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
စက်တင်ဘာ ၅ ရက် ည ၉ နာရီခွဲက ဆောမြို့နယ် ချင်း-မကွေးနယ်စပ်မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲဖြစ်ပြီးနောက်မှာ စစ်ကောင်စီတပ်က ဆောမြို့ထဲကို လက်နက်ကြီးနဲ့ပစ်ခတ်လို့ ပြည်သူ ၅ ဦး ဒဏ်ရာရရှိခဲ့ပြီး ၃ ဦးကတော့ ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။ ဒဏ်ရာရရှိသူ ၅ ဦးမှာ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၂ ဦး ဖြစ်ပါတယ်။
ဒဏ်ရာပြင်းထန်သူ အမျိုးသမီး ၂ ဦးက ဆောမြို့ပေါ်မှာ နေထိုင်သူတွေဖြစ်ပြီး အသက် ၇၄ နှစ်အရွယ် အဘွားနဲ့ အသက် ၁၉ နှစ်အရွယ်တို့ဖြစ်ပြီး ဆောမြို့နယ်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။
ဒဏ်ရာပြင်းထန်သူ အမျိုးသား ၁ ဦးကတော့ ဆောမြို့နယ် တောင်ကျောင်းဘုန်းကြီးကျောင်းက ကပ္ပိယတဦးဖြစ်ပြီး ဂန့်ဂေါဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်။
“ထိတဲ့သူအကုန်လုံးက မြို့ပေါ်မှာနေသူတွေချည်းပဲ။ ကပ္ပိယ ဦးလေးကြီးက ခြေထောက်တချောင်းလုံး ထိသွားတာဆိုတော့ ဖြတ်ပစ်ရမယ် ပြောပါတယ်။ အမျိုးသမီး ၂ ဦးကလည်း စိုးရိမ်ရပါတယ်” လို့ ဆောမြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ မပေါက်ကွဲသေးတဲ့ လက်နက်တွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက ရှင်းလင်းနေပြီး သေနတ်သံ၊ လက်နက်ကြီးသံ ကြားပါက မြို့တွင်းမှာ ဖြတ်သန်းသွားလာခြင်းမပြုဘဲ ဗုံးခိုကျင်းအတွင်း နေထိုင်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဂန့်ဂေါခရိုင် အမှတ်-၃ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။