
မက်ဆီနဲ့ ၁၅ နှစ်ကြာ ပြိုင်ဆိုင်မှုတွေဟာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း စီရော်နယ်ဒိုက ဝန်ခံပြောသွားပါတယ်။
သူတို့ နှစ်ဦးဟာ စပိန်လာလီဂါမှာ ကစားစဉ်က ပြိုင်ဆိုင်မှုပြင်းထန်ဆုံး ပြိုင်ဘက်ကစားသမားတွေ ဖြစ်ခဲ့တာပါ။
၁၅ နှစ်ကြာ ပြိုင်ဆိုင်မှု ပြင်းထန်စွာနဲ့ ယှဉ်ပြိုင်ခဲ့ကြပေမဲ့ လက်ရှိအချိန်မှာတော့ ပြီးဆုံးသွားပြီဖြစ်ကြောင်း၊ တစ်ဦးနဲ့ တစ်ဦး ကြားမှာ လေးစားမှုတွေရှိကြ ကြောင်း စီရော်နယ်ဒိုကပြောပါတယ်။
စီရော်နယ်ဒိုက “ကျနော်တို့ရဲ့ ပြိုင်ဆိုင်မှုတွေက ပြီးဆုံးသွားပါပြီ။ ၁၅ နှစ် ကြာလောက် အတူတကွ ယှဉ်ပြိုင်ခဲ့ကြပြီး ပရိသတ်တွေကလည်းကြိုက် နှစ်သက်ခဲ့ကြတယ်။ ကျနော်တို့နှစ်ယောက်က သူငယ်ချင်းတွေလို့ မဆိုနိုင်ပေမဲ့ ပရော်ဖက်ရှင်နယ်အသင်းဖော်တွေ ဖြစ်ကြပြီး တယောက်အပေါ်တယောက် လေးစားမှုရှိကြပါတယ်” လို့ ပြောပါတယ်။
သူတို့နှစ်ဦးဟာ ဘောလုံးသမိုင်းကို ပြောင်းလဲပေးခဲ့ကြပြီး ကမ္ဘာတဝန်းက ပရိသတ်တွေရဲ့ လေးစားချစ်ခင်မှုရရှိတာကတော့ အရေးပါဆုံးဖြစ်ကြောင်း ရော်နယ်ဒိုက ပြောပါတယ်။
ရော်နယ်ဒိုဟာ အခုနှစ်ဘလွန်းဒီအောဆု ဆန်ခါတင်စာရင်းမှာ ၂၀၀၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ပါဝင်လာခြင်း မရှိတော့ပေမဲ့ ဘလွန်းဒီအောဆုကို ၅ ကြိမ်အထိရရှိခဲ့တာပါ။ မက်ဆီကတော့ ၇ ကြိမ်အထိရရှိထားပြီး အခုနှစ်မှာလည်း ဒီဆုရဖို့ ရေပန်းအစားဆုံးဖြစ်နေပါတယ်။
Photo-Reuters










