DVB Logo
Home
မြန်မာသတင်း
စစ်တပ်က လက်နက်ကြီးပစ်ခတ်ဝင်ရောက်လာသဖြင့် မုန်းပြည်သူ ၇၀၀ ကျော် ထွက်ပြေး တိမ်းရှောင်
DVB
·
September 7, 2023
စစ်တပ်က လက်နက်ကြီးပစ်ခတ်ဝင်ရောက်လာသဖြင့် မုန်းပြည်သူ ၇၀၀ ကျော် ထွက်ပြေး တိမ်းရှောင်
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၃ နယ်မြေထဲက မုန်းမြို့နယ် ဖိုးသောင်းစုကျေးရွာဘက်ကို စက်တင်ဘာ ၇ ရက် မနက် ၆ နာရီလောက်က စစ်ကောင်စီစစ်ကြောင်းက လက်နက်ကြီး ပစ်ခတ်ပြီး ဝင်လာတာကြောင့် ဒေသခံ ၇၀၀ ကျော်ဟာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ တပ်မဟာ ၃ တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီရဲ့ သစ်ချဆိပ်တပ်စခန်းသိမ်းပိုက် ဖျက်ဆီးခံရပြီးနောက် စစ်ကောင်စီတပ်တွေက စခန်းရှင်းလင်းရေးအတွက် စခန်းအနီးက ကျေးရွာတွေအတွင်းကို စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် စက်တင်ဘာ ၆ ရက်နေ့က မျက်ရဲဗမာကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် မျက်ရဲဗမာကျေးရွာအတွင်းမှာ စစ်ကောင်စီစစ်ကြောင်းက ညအိပ်တပ်စွဲပြီး ဒီကနေ့မနက်ပိုင်းမှာ မျက်ရဲကရင်ကျေးရွာဘက်ကို ဝင်ရောက်လာတာကြောင့် နယ်မြေခံ KNLA တပ်ရင်း ၈၊ PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးပစ်ခတ်တာကြောင့် အိမ်ခြေ ၁၀၀ ကျော်ရှိ ဖိုးသောင်းစု ကျေးရွာက ဒေသခံ ၇၀၀ ကျော်ဟာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာပါ။

တပ်မဟာ ၃ တပ်မဟာမှူးက “မနေ့ကဝင်လာတဲ့ စစ်ကြောင်းနဲ့ မျက်ရဲဗမာအပိုင်းမှာ တိုက်ပွဲဖြစ်ပြီးတော့ ရန်သူက အဲဒီမှာထိုင်တယ်။ ဒီနေ့ မနက်မှာ မျက်ရဲကရင်အပိုင်းမှာ တိုက်ပွဲထပ်ဖြစ်တယ်။ ဖိုးသောင်းစုနဲ့ မျက်ရဲရွာက ဘယ်လောက်မှ မဝေးဘူး။ နာရီဝက်သွားရင် ရောက်တယ်။ ဒါကြောင့် ဒေသခံတွေက စိုးရိမ်ကြောက်လန့်ပြီး ထွက်ပြေးတာ” လို့ ပြောပါတယ်။

စက်တင်ဘာ ၃ ရက်နေ့ကစတင်ပြီး ၆ ရက်နေ့အထိ အထိနာနေတဲ့ စစ်ကောင်စီတပ်ဟာ မြေပြင်လက်နက်ကြီးအပြင် လေကြောင်းကနေပါ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ငထွေစုတ်၊ မျက်ရဲ၊ မရမ်းစိန်ကျေးရွာက ဒေသခံ ကလေးငယ်အပါအဝင် ၂ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့တယ်လို့ တပ်မဟာ ၃ တာဝန်ရှိသူဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013