DVB Logo
Home
Lead Story
လနဲ့ပတ်သက်တဲ့ မစ်ရှင်တဝက်လောက်က ကျရှုံးခဲ့ပါတယ်… ဘာကြောင့် အာကာသဟာ အခုထိ ခက်ခဲနေရသေးတာလဲ
DVB
·
September 7, 2023
လနဲ့ပတ်သက်တဲ့ မစ်ရှင်တဝက်လောက်က ကျရှုံးခဲ့ပါတယ်… ဘာကြောင့် အာကာသဟာ အခုထိ ခက်ခဲနေရသေးတာလဲ
Donate to DVB

၂၀၁၉ ခုနှစ်တုန်းက အိန္ဒိယဟာ အာကာသယာဉ်တစ်စင်းကို လပေါ်မှာ ဆင်းသက်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ချို့ယွင်းမှုတွေကြောင့် အကျိုးအပဲ့ အပျက်အစီး အပိုင်းအစတွေနဲ့သာ အဆုံးသတ်ခဲ့ရပါတယ်။ အခုအခါမှာတော့ အိန္ဒိယ အာကာသ သုတေသနအဖွဲ့အစည်းဟာ ချန်ဒရာရန်-၃ ရဲ့ လတောင်ဝင်ရိုးစွန်းပေါ် ဆင်းသက်နိုင်မှုနဲ့အတူ အောင်ပွဲဆီ ပြန်လည် ရောက်ရှိခဲ့ပါပြီ။

လူနာ-၂၅ မစ်ရှင်က မြေပြင်ကို ဆင်းသက်ဖို့ ကြိုးစားခဲ့တဲ့အချိန်မှာ လမျက်နှာပြင်နဲ့ တိုက်မိပြီး ရုရှား ကျဆုံးမှုအပြီး ရက်ပိုင်းအကြာမှာပဲ အိန္ဒိယက အောင်မြင်ခဲ့တာပါ။

လပေါ်ကို ပထမဆုံး ညင်သာစွာ ဆင်းသက်နိုင်ခဲ့အပြီး နှစ် ၆၀ ကြာပြီးနောက် ဖြစ်ခဲ့တဲ့ ဒီဖြစ်စဉ် ၂ ခုဟာ အာကာသ ခရီးသွားခြင်းဟာ အခုအချိန်ထိ ခက်ခဲပြီး အန္တရာယ်များတုန်းပဲဆိုတာ လူသားတွေကို သတိပေးနေပါတယ်။ လ မစ်ရှင်တွေဟာ ခေါင်းပန်းလှန်နေရသလို ဖြစ်ပြီး မကြာသေးခင် နှစ်တွေမှာ နာမည်ကြီးတဲ့ ကျရှုံးမှုတွေကိုလည်း တွေ့လာရပါတယ်။

ဘာကြောင့် ဒီမစ်ရှင်တွေကို မအောင်မြင်ရတာလဲ။ ဘာကြောင့် သူတို့ ကျရှုံးရတာလဲ။ ဒီအာကာသမစ်ရှင်တွေနဲ့ပတ်သက်ပြီး အောင်မြင်ခဲ့တဲ့ နိုင်ငံတွေနဲ့ အေဂျင်စီတွေမှာ အောင်မြင်ရတဲ့ လျှို့ဝှက်ချက် ရှိသလား။

အထူးသီးသန့်အစုအဖွဲ့

လဟာ အရမ်းဝေးပေမဲ့ လူ‌သားတွေ သွားရောက်လည်ပတ်နိုင်တဲ့ အာကာသထဲက တခုတည်းသောနေရာ ဖြစ်ပါတယ်။ လဟာ ကီလိုမီတာ ၄၀၀,၀၀၀ အတွင်းက အနီးဆုံး ဂြိုဟ်တစ်ခုလည်း ဖြစ်ပါတယ်။

လပေါ်ကို ညင်သာစွာ ဆင်းသက်ခြင်း (လမျက်နှာပြင်ပေါ်ကို အသက်ရှင်လျက် အာကာသယာဉ်နဲ့ ဆင်းသက်နိုင်ခြင်း)ကို အောင်မြင်ထားတာဟာ ၄ နိုင်ငံပဲ ရှိပါသေးတယ်။

USSR ဟာ ပထမဆုံးဖြစ်ပြီး လွန်ခဲ့တဲ့ အနှစ် ၆၀ ခန့် (၁၉၆၆ ခု ဖေဖော်ဝါရီ)က လူနာ-၉ မစ်ရှင်က လပေါ်ကို ဆင်းသက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်က လအနည်းငယ်အကြာ ၁၉၆၆ ခုနှစ် ဇွန်လမှာ ဆူဗီရာ- ၁ မစ်ရှင်နဲ့ အောင်မြင်ခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ တတိယမြောက်နိုင်ငံ ဖြစ်ပြီး ၂၀၁၃ခုနှစ် မှာ  Chang'e 3 မစ်ရှင်နဲ့ ဆင်းသက်နိုင်ခဲ့ပြီး အခုအခါမှာတော့ အိန္ဒိယက ချန်ဒရာရန်-၃ နဲ့ လပေါ်ကို ဆင်းသက်နိုင်တဲ့ လေးခုမြောက်နိုင်ငံ ဖြစ်လာပါတယ်။

ဂျပန်၊ အာရပ်စော်ဘွားများနိုင်ငံ၊ အစ္စရေး၊ ရှရှား၊ဥရောပ အာကာသ အေဂျင်စီ၊ လူဇမ်ဘော့၊ တောင်ကိုရီးယားနဲ့ အီတလီတို့ဟာလည်း ‌ဘေးဘက်က ပျံသန်းနိုင်တာ၊ ဂြိုဟ်ပတ်လမ်းမှာ လှည့်လည်နိုင်တာနဲ့ အခြားသော လနဲ့ပတ်သက်တဲ့ အောင်မြင်မှုတွေကို ရရှိထားပါတယ်။

ထိခိုက်မှုတွေဟာ ဖြစ်နေကျတော့ မဟုတ်ပါဘူး။

၂၀၂၃ ခုနှစ် ဩဂုတ်လတုန်းက ရုရှားအာကာသ အေဂျင်စီ ရိုစကိုမို့စ် က လူနာ-၂၅ အာကာသယာဉ်နဲ့ ဆက်သွယ်မှုဟာ ပြတ်တောက်သွားခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ ဩဂုတ်လ ၂၀ ရက်မှာ အာကာသယာဉ်နဲ့ ချိတ်ဆက်ဖို့ ကြိုးစားခဲ့တာဟာ မအောင်မြင်ခဲ့ဘဲ ရိုစကိုမို့စ်ဟာ လူနာ-၂၅ ကို ပျက်ကျသွားပြီလို့ ဆုံးဖြတ်ခဲ့ပါတယ်။

USSR ကနေ အာကာသခရီးသွားမှု အတွေ့အကြုံကို နှစ်ပေါင်း ၆၀ ကြာ ချဲ့ထွင်ခဲ့ပြီး ခေတ်သစ် ရုရှားလက်ထက်မှာတော့ မစ်ရှင် ကျရှုံးခဲ့ပါတယ်။ ဘာတွေဖြစ်သွားလဲ ဆိုတာကိုတော့ အတိအကျ မသိနိုင်ပါဘူး။ ဒါပေမဲ့ အခုလက်ရှိ ရုရှားမှာ ဖြစ်နေတဲ့ အခြေအနေတွေဟာ အရင်းအမြစ်တွေ အကုန်ထုတ်သုံးနေရပြီး ယူကရိန်းနဲ့ ဖြစ်နေတဲ့ စစ်ကြောင့်လည်း တင်းအားတွေ မြင့်တက်နေတာကလည်း ကျရှုံးစေတဲ့အချက်တွေ ဖြစ်နိုင်ပါတယ်။

လူနာ-၂၅ ရဲ့ မအောင်မြင်မှုဟာ ၂၀၁၉ တုန်းက လမှာ ပျက်ကျခဲ့တဲ့ နာမည်ကြီးကိစ္စ နှစ်ခုကို ပြန်ပြီးသတိရစေပါတယ်။

အာကာသက အန္တရာယ်ရှိနေတုန်းပါပဲ။

အာကာသမစ်ရှင်တွေဟာ အန္တရာယ်များတဲ့ လုပ်ငန်းတစ်ခုပါ။ လ မစ်ရှင်တွေရဲ့ ၅၀ ရာခိုင်နှုန်းကျော်သာ အောင်မြင်ပါတယ်။ ကမ္ဘာပတ်လမ်းကြောင်းလို သေးငယ်တဲ့ ဂြိုဟ်တု မစ်ရှင်တွေတောင်မှာ အောင်မြင်မှုနှုန်းဟာ ၄၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းကြားမှာပဲ ရှိသေးပြီး ပြီးပြည့်စုံမှုမရှိသေးပါဘူး။

လူပါတဲ့ယာဉ်နဲ့ လူမပါတဲ့ယာဉ်တွေကို နှိုင်းယှဉ်မယ်ဆိုရင် နောက်ပိုင်းမှာ ၉၈ ရာခိုင်နှုန်းလောက် အောင်မြင်လာကြပါတယ်။ ဘာကြောင့်လဲဆိုရင် လူတွေဟာ လူသားတွေဆီမှာ ပိုမိုရင်းနှီးမြှုပ်နှံတာကြောင့်ပါ။ လူလိုက်ပါတဲ့ မစ်ရှင်တွေမှာဆိုရင် မြေပြင်ဝန်ထမ်းတွေကလည်း ပိုမိုအထောက်အပံ့ပေးကြပြီး ပိုအာရုံစိုက်ကြပါတယ်။ အရင်းအမြစ်တွေ စီမံခန့်ခွဲဖို့ကိုလည်း ပိုရင်းနှီးမြှုပ်နှံကြပြီး ယာဉ်မှူးတွေရဲ့ ဘေးကင်းလုံခြုံမှုကိုလည်း ပိုဦးစားပေးကြပါတယ်။

လူလိုက်ပါခြင်း မရှိတဲ့ မစ်ရှင်အများစုဟာ ဘာကြောင့် မအောင်မြင်တာလဲဆိုရင် နည်းပညာဆိုင်ရာ အခက်အခဲတွေအပြင် အတွေ့အကြုံမရှိတာနဲ့ နိုင်ငံတစ်ခုချင်းစီရဲ့ နိုင်ငံရေးအခြေအနေတွေပါ ပါဝင်နေပါတယ်။

ဒုံးပျံပစ်လွှတ်ခြင်းနဲ့ အာကာသယာဉ်တွေ ပစ်လွှတ်ခြင်းဟာ သာမန်တော့ မဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာ ကားအစီးရေ ၁ ဒသမ ၅ ဘီလီယံလောက်ရှိပြီး လေယာဉ်အစင်းရေ ၄၀၀၀၀ လောက် ရှိပါတယ်။ သမိုင်းတလျှောက်မှာတော့ အာကာသယာဉ် လွှတ်တင်မှုပေါင်းဟာ ၂၀၀၀၀ ထက်နည်းပါတယ်။

ကမ္ဘာပေါ်က နိုင်ငံတွေမှာ မော်တော်ယာဉ်တွေ လေယာဉ်တွေနဲ့ပတ်သက်ပြီး ရာစုနှစ် တစ်ခုကျော်အကြာ အတွေ့အကြုံတွေ ရှိပါတယ်။ ဒါတောင်မှ မော်တော်ကားတွေမှာ ချို့ယွင်းမှုတွေ ရှိနေသေးပြီး လေယာဉ်တွေမှာလည်း ပြဿနာတွေ ဖြစ်ပွားတတ်ပါသေးတယ်။

ဒါကြောင့် ဒုံးပျံတွေပစ်လွှတ်တဲ့အဆင့် ရှားပါးတဲ့ အာကာသပျံသန်းမှုအဆင့်ကို မျှော်လင့်ခြင်းဟာ လက်တွေ့မကျတာမျိုး ဖြစ်နိုင်ပါတယ်။ လူသားတွေဟာ အစောပိုင်း အာကာသစူးစမ်းလေ့လာရေးရဲ့ ရှေ့ဆောင်နေ့ရက်တွေမှာပဲ ရှိ‌နေပါသေးတယ်။

ကြီးကျယ်ခမ်းနားတဲ့ စိန်ခေါ်မှုတွေ ရှိနေပါသေးတယ်။

လူသားတွေဟာ ကျယ်ပြန့်တဲ့ အာကာသယဉ်ကျေးမှုကို ဖန်တီးမယ်ဆိုရင် ကြီးမားတဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားရမှာ ဖြစ်ပါတယ်။

ခရီးဝေးရက်ရှည် အာကာသခရီးစဉ်ကို တတ်နိုင်သမျှ ဆောင်ရွက်ဖို့ ဖြေရှင်းရမယ့် ပြဿနာတွေ ရှိပါသေးတယ်။ ပိုမိုကောင်းမွန်တဲ့ ဓာတ်ရောင်ခြည်ကာကွယ်ရေး၊ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်‌နိုင်တဲ့ ဂေဟစနစ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စက်ရုပ်တွေနဲ့ ဖြစ်နိုင်ခြေရှိတဲ့ နယ်ပယ်တွေကိုလည်း ကြိုးစားရပါဦးမယ်။ အလင်းထက်မြန်တဲ့ခရီး၊ ချက်ချင်းဆက်သွယ်မှုနဲ့ မြေဆွဲအားအတုလို မှန်းဆ မျှော်လင့်ချက်တွေလည်း ရှိပါသေးတယ်။

တိုးတက်မှုက ဖြည်းဖြည်းချင်းလှမ်းလာပြီး ပိုကြီးတဲ့ ခြေလှမ်းတွေတော့ ဖြစ်လာပါတယ်။ အင်ဂျင်နီယာနဲ့ အာကာသဝါသနာရှင်တွေဟာလည်း သူတို့ရဲ့ ဦးနှောက်၊ စွမ်းအား၊ အချိန်နဲ့ စွမ်းအင်ကို အာကာသမစ်ရှင်တွေမှာ ဆက်လက်မြှုပ်နှံထားပြီး တဖြည်းဖြည်း ပိုမိုယုံကြည်လာရမှာပါ။ တစ်နေ့မှာတော့ အာကာယာဉ်နဲ့ ခရီးသွားရတာဟာ ကားထဲဝင်ရသလို ဘေးကင်းတဲ့ အချိန်တစ်ခုကို မြင်ရပါလိမ့်မယ်။

ရေးသူ- ဂေးလ်အိုင်းလက်စ်

ဘာသာပြန်သူ- လီလီ

(The conversation ဝက်ဆိုက်မှာ  RMIT တက္ကသိုလ်ရဲ့  ရူပဗေဒဘာသာရပ်  အကြီးတန်း ကထိက   Gail Iles  ရေးသားထားတဲ့   “Almost half of Moon missions fail. Why is space still so hard? ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013