DVB Logo
Home
မြန်မာသတင်း
မတူပီတွင် လျှပ်စစ်မီးနှင့် ရေပြတ်နေ၊ ချင်းလူထုဖွံ့ဖြိုးရေးကွန်ရက်က စစ်ရှောင်အတွက် စားနပ်ရိက္ခာဖြန့်ဝေ
DVB
·
September 7, 2023
မတူပီတွင် လျှပ်စစ်မီးနှင့် ရေပြတ်နေ၊ ချင်းလူထုဖွံ့ဖြိုးရေးကွန်ရက်က စစ်ရှောင်အတွက် စားနပ်ရိက္ခာဖြန့်ဝေ
Donate to DVB

ချင်းပြည်နယ်၊ မတူပီမြို့နယ်မှာ မိုခါမုန်တိုင်း တိုက်ခတ်ပြီးကတည်းက ခုချိန်အထိ လျှပ်စစ်မီးနဲ့ ရေပြတ်တောက်နေလို့  ဒေသခံတွေ အခက်ကြုံနေရပါတယ်။

လျှပ်စစ်မီးပြတ်တောက်နေလို့ အသေးစားလုပ်ငန်းတွေ ရပ်တန့်သွားပြီး ဖုန်းအားသွင်းဖို့ အတွက်​တောင် ဆိုလာရှိတဲ့အိမ်တွေမှာ ငွေပေးပြီး သွင်းနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မတူပီမြို့နယ်က စမ်းရေတွေကို ပိုက်နဲ့သွယ်ပြီး သုံးကြရတာဖြစ်ပြီး မိုခါမုန်တိုင်း ပြီးကတည်းက စမ်းရေမရတဲ့အတွက် မိုးရေကိုသာ အဓိက အသုံးပြုနေကြရပါတယ်။

လျှပ်စစ်မီးပြတ်တောက်တာ ၄ လနီးပါးရှိခဲ့ပြီး ဘယ်အချိန် ပြန်ရမလဲ ဆိုတာကိုလည်း မြို့နယ်လျှပ်စစ်ဦးစီးဌာနက ကြေညာခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။

လျှပ်စစ်မီးပြတ်တောက်တဲ့အတွက် ဖုန်းလိုင်းတချို့ ပြတ်တောက်ကုန်ပြီး ဖုန်းပြောဖို့အတွက် တောင်တွေပေါ် တက်ပြောကြရတယ်လို့ သိရပါတယ်။

မတူပီမြို့ခံ အမျိုးသမီးတဦးက “မီးမလာတော့ ရေလည်းမရ၊ ဖုန်းအားကလည်း ပိုက်ဆံပေးပြီး သွင်းရတယ်။ လျှပ်စစ်မီး မရှိတော့ မီးသွေးနဲ့ ထမင်းချက်ရတာ၊ မီးသွေးက တအိတ်ကို ၂၀,၀၀၀ ပေးရတယ်။ ဆန်ကြမ်းကလည်း ၁၃၀,၀၀၀ အထက် ပေးရတယ်။ မသေအောင်သာ အသက်ရှင်နေရတယ်၊ လုပ်ကိုင်စားစရာ စီးပွားရေးတွေလည်း ရပ်ကုန်ပါပြီ” လို့ ပြောပါတယ်။

မတူပီမြို့မှာ ဩဂုတ်လ အစောပိုင်းက မိုးသည်းထန်စွာရွာပြီး မြေပြိုခဲ့တဲ့အတွက် ကုန်စီးဆင်းမှု ရပ်တန့်သွားပြီး ဒေသခံတွေ ကုန်စျေးနှုန်း အဆမတန် မြင့်တက်မှုနဲ့လည်း ရင်ဆိုင်နေရပါတယ်။

ချင်းပြည်နယ်အတွင်းက စစ်ဘေးရှောင်တိုင်းရင်းသားပြည်သူတွေအတွက် အခြေခံစားနပ်ရိက္ခာတွေ ဖြန့်ဝေပေးခဲ့တယ်လို့ ချင်းလူထုဖွံ့ဖြိုးရေးကွန်ရက် (NCCD) ကထုတ်ပြန်ပါတယ်။

ဩဂုတ်လနှောင်းပိုင်းကနေ စက်တင်ဘာလ အစောပိုင်းအထိ ချင်းပြည်နယ် ဟားခါး၊ ကန်ပက်လက်၊ ထန်တလန်နဲ့ မင်းတပ်မြို့နယ်အတွင်းက စစ်ရှောင်ကျေးရွာ ၈ ရွာမှာ အခြေခံ စားသောက်ကုန်တွေ ဖြန့်ဝေလှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။

စစ်ရှောင်တွေအတွက် အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား စတာတွေကို မြန်မာငွေ ကျပ်သိန်း ၃၀၀ ကျော်ဖိုး ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

ချင်းပြည်နယ်အတွင်းက စစ်ဘေးရှောင်ပြည်သူတွေဟာ မိုးရာသီကာလအတွင်း စားနပ်ရိက္ခာ အခက်အခဲတွေ ကြုံနေရပြီး အခက်အခဲ ရင်ဆိုင်နေရတဲ့ အိမ်ထောင်စု ၃၀၀ ကျော်၊ လူဦးရေ ၁,၀၀၀ ခန့်ကို ဖြန့်ဝေပေးခဲ့တယ်လို့ သိရပါတယ်။

NCCD ဒါရိုက်တာ ဦးဆန်ကိပ်မာန်က “NCCD အဖွဲ့အနေနဲ့ အရင်က မြန်မာပြည်တွင်းမှာ လူထုဖွံ့ဖြိုးရေးကို ဦးစားပေး လုပ်ဆောင်ခဲ့တာပါ။ အခုအချိန်မှာတော့ အိန္ဒိယဘက်က စစ်ရှောင်တွေနဲ့ ချင်းပြည်နယ် အတွင်းက စစ်ရှောင်တွေကို ထောက်ပံ့ပေးမှုတွေ လုပ်ဆောင်နေပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ချင်းပြည်နယ်မှာ နေ့စဉ်နဲ့အမျှ စစ်ကောင်စီနဲ့ ချင်းကာကွယ်ရေး ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ရှောင်ပြည်သူတွေဟာ စားနပ်ရိက္ခာအခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013