DVB Logo
Home
မြန်မာသတင်း
ပေါက်ဈေးအောက်လျှော့ပြီး ဆန်ရောင်းပေးသည့်အစီအစဉ် လက်တွေ့ အလုပ်မဖြစ်
DVB
·
September 7, 2023
ပေါက်ဈေးအောက်လျှော့ပြီး ဆန်ရောင်းပေးသည့်အစီအစဉ် လက်တွေ့ အလုပ်မဖြစ်
Donate to DVB

မြန်မာပြည်တွင်း ကုန်စည်ဒိုင်တွေမှာ ရောင်းချရမယ့် ဆန်ရည်ညွှန်းဈေးနှုန်းတွေကို စစ်ကောင်စီက သတ်မှတ်ပေးထားပေမဲ့ လက်တွေ့မှာတော့ စားသုံးသူတွေအနေနဲ့ သတ်မှတ်ဈေးနှုန်းနဲ့ ဝယ်ဖို့ ခက်ခဲနေသလို ဆန်ရောင်းသူတွေဘက်ကလည်း လိုသလောက် ရောင်းချပေးဖို့ အခက်အခဲနဲ့ ကြုံတွေ့နေကြပါတယ်။ 

ဆန်စပါးကုမ္ပဏီတွေ၊ ဆန်စက်ပိုင်တွေနဲ့ ကုန်သည်တွေဘက်ကလည်း ပေါက်ဈေးအောက် လျော့နည်းတဲ့ ရည်ညွှန်းဈေးနဲ့ အရှုံးခံ ရောင်းချပေးနေရတာဖြစ်လို့  ဝယ်လိုအားရှိသလောက် ရောင်းချပေးနိုင်ဖို့ ခက်ခဲတယ်လို့ ပြောပါတယ်။

အရင်က ဝါးတန်းကုန်စည်ဒိုင်နဲ့ ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်တို့မှာ ရည်ညွှန်းသတ်မှတ်ဈေးနဲ့ လူတစ်ဦးကို  တစ်လ ၂၄ ပြည် ဆန်တစ်အိတ်နှုန်း ရောင်းချပေးခဲ့ပေမဲ့ အခုတစ်ပတ်က စပြီး ၁၂ ပြည်နှုန်းသာ လျှော့ချပြီး ရောင်းပေးနေတယ်လို့ ဆန်ဈေးကွက်ကနေ သိရပါတယ်။

ဆန်စပါးလုပ်ငန်းရှင်တစ်ဦးက “ဒီဆန်တွေကလည်း ကုန်သည်ပွဲစားတွေ၊ ဆန်စပါးအသင်းချုပ်က ကုမ္ပဏီတွေက ပေါက်ဈေးထက် လျှော့ပြီးပေးတာ။ ကျနော်တို့ကလည်း လွတ်လွတ်လပ်လပ် ရောင်းပေးရအောင် နောက်ထပ် အားမရှိဘူးပေါ့ဗျာ။ ရှိတဲ့ဟာ‌လေးတွေ မျှရောင်းနေရတော့ သတ်မှတ်ဈေးနဲ့ ဝယ်ရတာ နည်းတယ်ဆိုတာ ဖြစ်နိုင်ပါတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ ဆန်ဈေးထိန်းညှိဖို့ ညွှန်ကြားချက်အရ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဟာ ဆန်ရည်ညွှန်ဈေးအဖြစ်  ရွှေဘိုပေါ်ဆန်းဆန် တစ်အိတ်ကို ၁၂၅,၀၀၀ ကျပ်၊ ဧရာဝတီ ပေါ်ဆန်းအုပ်စုဝင် ဆန် တစ်အိတ်ကို ကျပ် ၉၀,၀၀၀ ကနေ ကျပ် ၁၀၀,၀၀၀၊ ဆန်ကြမ်း တစ်အိတ်ကို ကျပ် ၇၂,၀၀၀ သတ်မှတ်ပေးထားပါတယ်။

လက်လီဈေးကိုတော့ အဆိုပါ  ဒိုင်ဈေးအပေါ်မှာ သယ်ယူပို့ဆောင်စရိတ်နဲ့ ထိုက်သင့်တဲ့ အမြတ်ယူပြီး  သတ်မှတ်ရောင်းချဖို့ ညွှန်ကြားချက် ထုတ်ထားတယ်လို့လည်း  သိရှိရပါတယ်။

ဒါပေမဲ့ ဆန်စပါးကုန်စည်ဒိုင်တွေမှာ သတ်မှတ်‌ဈေးတွေနဲ့ ရောင်းချမှုနည်းပါးပြီး မှောင်ခိုဈေးတွေနဲ့သာ အရောင်းအဝယ်ပြုလုပ်နေကြတာဖြစ်လို့  လက်လီဈေးကွက်မှာ ဆန်ဈေး ကျဆင်းသွားခြင်းမရှိဘူးလို့  ဈေးကွက်အတွင်းက စုံစမ်း သိရှိရပါတယ်။

ရန်ကုန်မြို့နေ အိမ်ရှင်မတစ်ဦးက “ဆန်ဈေးချတယ်သာ ကြားနေတာ။ တကယ်ဝယ်တော့ မကျပါဘူး။ ပိုတောင်တက်လာသေး။ ရွှေဘိုထိပ်စ ထူးထူးရှယ် တစ်အိတ်ကို ကျပ် ၁၇၀၀၀၀ ပေးရတယ်” လို့ ပြောပါတယ်။

လတ်တလော လက်လီဈေးကွက်မှာ ရွှေဘိုထိပ်စ ထူးထူးရှယ်တစ်အိတ်ကို ကျပ် ၁၇၀၀၀၀ အထိရောင်းချနေပြီး ဧရာဝတီပေါ်ဆန်း ဆန်တစ်အိတ်ကို ကျပ် ၁၂၀၀၀၀ အထက်မှာ ရောင်းချနေကြပါတယ်။

လက်ရှိမှာ စိုက်ပျိုးတောင်သူ ၉၀ ရာခိုင်နှုန်းရဲ့ လက်ဝယ်မှာ စပါးလက်ကျန်မရှိတော့တာကြောင့် အခုလိုဆန်ဈေးထိန်းချုပ် ကန့်သတ်မှုဟာ  ဆန်စက်ပိုင်တွေနဲ့ လှောင်လက်သမားတွေကိုသာ အထိနာစေနိုင်တယ်လို့ သုံးသပ်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

ရန်ကုန် ကျောက်တန်းမြို့နယ်က စပါးစိုက်တောင်သူ တစ်ဦးက “ခုချိန် စပါးက ကုန်သည်တွေ လက်ထဲမှာလေ။ တို့လယ်သမားတွေက ချမ်းသာတဲ့သူနည်းတယ်။ လယ်သမား လက်ထဲ စပါးတစ်စိမှ မရှိဘူး။ တို့တောင်သူတွေက ဆန်ဝယ်စားရတာလေ။ ဆန်တစ်အိတ်ကို တစ်သိန်းကျော်မှတော့ ဘယ်လိုလုပ်မလဲ။ ဦးတို့ လယ်သမားတွေက ဒီလောက် ဆန်ဈေးတွေဖြစ်တာလဲ မကြိုက်ပါဘူး။ ဘာလို့လဲဆိုတော့ အဆမတန်လေ။ ဆန်ဈေးသာကြီးတာ။ လယ်သမားလည်းရတာမဟုတ်ပါဘူး။ ကုန်သည်တွေပဲ ချမ်းသာတာ။ ဒုက္ခရောက်တော့ ပြည်သူတွေ ၊ လယ်သမားတွေပဲ ရောက်တာ” လို့ ပြောပါတယ် ။

ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်က လည်း စစ်ကောင်စီလက်အောက်ခံရန်ကုန်တိုင်းအစိုးရအဖွဲ့နဲ့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ ဆန်ဈေးကွက်နဲ့ ဆန်ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပြီး ဆန်ဈေးနှုန်းတွေ မဖြစ်သင့်တဲ့ဈေးတွေ မဖြစ်အောင် ညှိနှိုင်းဆွေးနွေး ခဲ့ကြတယ်လို့ သိရပါတယ်။

အစည်းအဝေးကို တက်ရောက်ခဲ့သူတစ်ဦးက“ဆန်ဈေး ချပေးဖို့ထက် ဖြစ်သင့်တဲ့ဈေး ရောင်းဖို့ပေါ့ဗျာ။ အကုန်လုံးတက်တဲ့အချိန်မှာ ဆန်ဈေးချည်း ကျလို့ကလည်း မဖြစ်ဘူးပေါ့။ ဒါပေမဲ့ တက်သင့်တက်ထိုက်တဲ့ ဈေးထက် ပိုများနေတော့လည်း လယ်သမားတော့ ရတာပေါ့ဗျာ။ ဒါပေမဲ့  ပြန်စားရတာကျ တတိုင်းပြည်လုံးပြန်စားနေရတာဆိုတော့ မျှတဲ့ ဈေးလေးတွေ ရောင်းပေးဖို့ပါ။ ဆန်စပါးအသင်းချုပ်ကိုပဲ အဓိကထားပြီးတော့ လုပ်ဆောင်ဖို့ ညွှန်ကြားပါတယ်” လို့ ပြောပါတယ်။

ပြည်တွင်း ဆန်ဈေးတက်နေတာကြောင့် စစ်ကောင်စီဘက်ကလည်း စက်တင်ဘာနဲ့ အောက်တိုဘာလအတွက် ပြည်ပကို ဆန်တင်ပို့မှု လျှော့ချဖို့လည်း စီစဉ်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013