DVB Logo
Home
မြန်မာသတင်း
ဆန်ဈေးနှုန်းတက်စေရန် ရည်ရွယ်ပြီး ပုံမှန်မဟုတ်သည့် အရောင်းအဝယ် မလုပ်ကြရန် သတိပေး
DVB
·
October 5, 2026
Photo: MRF
Photo: MRF
Donate to DVB

မြန်မာပြည်တွင်းမှာ ဆန်ဈေးနှုန်း မြင့်မားလာအောင် ရည်ရွယ်တဲ့ ပုံမှန်မဟုတ်တဲ့ ရောင်းဝယ်မှုတွေ မလုပ်ကြဖို့ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းက သတိပေး ထုတ်ပြန်ပါတယ်။

ပြည်တွင်းမှာ စက်သုံးဆီဈေးနှုန်းတွေ တကျော့ပြန် မြင့်တက်လာနေတဲ့အတွက် ဆန်စပါး ရောင်းဝယ်ဖောက်ကားမှုမှာ သယ်ယူပို့ဆောင်စရိတ်တွေ မြင့်လာနိုင်ပြီး ဆန်ဈေးနှုန်းကို ဆွဲတင်နိုင်ခြေ ရှိနေချိန်မှာ ဆန်စပါးကုန်သည်များအသင်းက အခုလို ထုတ်ပြန်တာပါ။

အခြေခံပြည်သူတွေ အစားများတဲ့ ဆန်ကြမ်းအုပ်စုဝင် ဆန်အမျိုးအစားတွေဟာ ပြီးခဲ့တဲ့လကတည်းက ဈေးနှုန်းမြင့်တက်နေပြီး ၂၄ ပြည် တအိတ်ကို ကျပ် ၁၀,၀၀၀ လောက် မြင့်တက်ခဲ့ပါတယ်။

ဆန်စပါးကုန်စည်ဒိုင်တွေအနားမှာ ဆန်အကျိုးဆောင်(ပွဲစား)တွေက ရောင်းဝယ်နေကြတာ၊ ဆန်ဈေးနှုန်း မြင့်မားအောင် ပုံမှန်ရောင်းဝယ်မှု မဟုတ်တဲ့ပုံစံနဲ့ အရောင်းအဝယ် ပြုလုပ်တာတွေကို အထူးရှောင်ကြဉ်ကြဖို့ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းက သတိပေးထားပါတယ်။

ရန်ကုန်မြို့နေ အိမ်ရှင်မတယောက်က “သူတို့ပြောတာ နောက်တောင်ကျနေပြီ။ အခု ဆင်းသွယ်တို့၊ မနောသုခတို့ဆို ၈ လပိုင်း အကုန်လောက်တည်းက စပြီးတက်နေတာ။ အခု တအိတ်ကို ၁၀,၀၀၀ လောက် တက်သွားတယ်။ အရင်က ၈၅,၀၀၀ လောက်ကနေ အခု ၉၅,၀၀၀ ဖြစ်နေပြီ” လို့  ပြောပါတယ်။

ဆန်စပါးရောင်းဝယ်သူတွေအနေနဲ့ သက်ဆိုင်ရာ ဌာနဆိုင်ရာ၊ အဖွဲ့အစည်းတွေက ထုတ်ပြန်တဲ့ ဆန်ဈေးနှုန်းနဲ့ စည်းကမ်းချက်တွေကို မပျက်မကွက် ပူးပေါင်းလိုက်နာဆောင်ရွက်ကြဖို့လည်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းက အသိပေးထားပါတယ်။

ဒါ့အပြင် ပြည်တွင်းက ဆန်ရောင်းဝယ်သူ အသင်းသူ အသင်းသားတွေ အနေနဲ့ MyRo သိုလှောင်ရုံ မှတ်ပုံတင်စနစ်နဲ့ ဆန်သိုလှောင်မှု အရေအတွက်ကို စည်းကမ်းချက်တွေအတိုင်း အချိန်နဲ့တပြေးညီ စာရင်းသွင်း ဆောင်ရွက်ကြဖို့လည်း သတိပေးထားပါတယ်။

စပါးရိတ်သိမ်းပြီး လေလွင့်ဆုံးရှုံးမှုတွေ လျှော့ချဖို့နဲ့ တောင်သူလယ်သမားတွေ ဝင်ငွေပိုရရှိဖို့ “သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေခံတဲ့ ငွေကြေးထောက်ပံ့မှုစနစ်” ကို စတင် အကောင်အထည်ဖော်မယ်လို့လည်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က အောက်တိုဘာ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။

စပါးပေါ်ချိန် ဝယ်လိုအားနဲ့ ရောင်းလိုအား မမျှတတာကြောင့် စပါးဈေး ကျဆင်းပြီး တောင်သူတွေ အခက်တွေ့ကာ ငွေနည်းပါးတာနဲ့ စပါးဈေး ပြန်တက်ချိန်မှ တောင်သူတွေလက်ထဲ စပါးမရှိတော့ဘဲ ကုန်သည်နဲ့ ပွဲစားတွေ အကျိုးအမြတ် ရသွားတာမျိုးမဖြစ်အောင် ဒီစနစ်ကို ကျင့်သုံးမှာလို့ ဆိုပါတယ်။

ဒီစနစ်အရ လယ်သမားတွေအနေနဲ့ မိမိပိုင်စပါးတွေကို သတ်မှတ်ထားတဲ့ သိုလှောင်ရုံတွေမှာ စနစ်တကျ အပ်နှံထားနိုင်မှာဖြစ်ပြီး အပ်ထားတဲ့စပါးရဲ့ အရည်အသွေးနဲ့ အရေအတွက်ကို တတိယအဖွဲ့အစည်း စိစစ်ရေးအဖွဲ့က စစ်ဆေးကုန်လက်ခံပြေစာ ထုတ်ပေးမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဲဒီပြေစာတွေကို အာမခံထားပြီး ဘဏ်ကနေ ကာလတိုချေးငွေ ထုတ်ပေးမှာဖြစ်ပြီး လယ်သမားတွေအနေနဲ့ အရေးပေါ် ငွေလိုအပ်ချက်တွေကို ဖြေရှင်းနိုင်မှာပါ။ စပါး ဈေးကောင်းရချိန် ရောင်းချပြီး ချေးငွေ ပြန်ဆပ်နိုင်တယ်လို့ ဆိုပါတယ်။

လက်ရှိ လာမဲ့ နိုဝင်ဘာနဲ့ ဒီဇင်ဘာလ စပါးပေါ်ချိန်အတွက် မှတ်ပုံတင်ထားတဲ့ သိုလှောင်ရုံ ၅၈၆  ရုံအနက် အခြောက်ခံစက်နဲ့ လိုအပ်ချက် ပြည့်မီတဲ့ သိုလှောင်ရုံတွေမှာ စတင်လက်ခံပေးမှာဖြစ်ပြီး သိုလှောင်ရုံ လုပ်ငန်းရှင်တွေကိုလည်း အောက်တိုဘာလအတွင်း အမြန်ဆက်သွယ် ပူးပေါင်းဖို့ MRF က ထုတ်ပြန်ချက်မှာ ဖိတ်ခေါ်ထားပါတယ်။

ဒါအပြင် စပါးစစ်ဆေးမဲ့ တတိယအဖွဲ့အစည်းတွေ၊ ကာလတို အတိုးနှုန်း သက်သာစွာ ချေးငွေထုတ်ပေးမဲ့ ဘဏ်တွေနဲ့ အာမခံအဖွဲ့အစည်းတွေကိုလည်း လုပ်ငန်းတွေ ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ထားကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013