DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်တွင်း ဆန်ဈေးနှုန်း မကြုံစဖူး မြင့်တက်လာ
DVB
·
January 23, 2024
မြန်မာပြည်တွင်း ဆန်ဈေးနှုန်း မကြုံစဖူး မြင့်တက်လာ
Donate to DVB

မြန်မာပြည်တွင်းမှာ ဆန်လက်လီဈေးနှုန်းတွေ မကြုံစဖူး စျေးတက်လာလို့ ရန်ကုန်မြို့က ဆန်ဆိုင်တချို့မှာ ဈေးနှုန်းမကပ်တော့ဘဲ ရောင်းချလာနေတာမြင်တွေ့ရပါတယ်။

လက်လီဆန် ဈေးကွက်တွေမှာ ဆန်ကြမ်းတအိတ်ကို ကျပ် ၈၅၀၀၀ ကနေ အမြင့်ဆုံး ရွှေဘို ပေါ်ဆန်းတအိတ်ကို ကျပ် ၂၀၀၀၀၀ အထိ ပေးဝယ်နေကြရပါတယ်။

ရန်ကုန်မြို့ခံ အိမ်ရှင်မတယောက်က “ဆန်ဆိုင်က ဈေးနှုန်းမကပ်ခိုင်းလို့တဲ့ ကျနော်တို့ မကပ်တာတဲ့။ ဆန်ကုန်သည်အသင်းက ဈေးနှုန်းမကပ်ခိုင်းလို့ဆို အဲ့လိုချည်းပဲမကပ်တော့ဘူး၊ ကိုယ့်လက်ထဲရှိတဲ့ ပိုက်ဆံလေးနဲ့ ဥပမာပေါ့နော် ကိုယ့်လက်ထဲရှိတဲ့ပိုက်ဆံလေးနဲ့ ဆန်ကြည့်လိုက်လို့ ဒီ ဆန်လေးက ဘယ်လောက်လဲမေးလိုက်လို့ ချောတဲ့ဆန်ဆိုရင် ၅၀၀၀ ကျော်၊ ၆၀၀၀ ကျော်သေးတယ်။ ၆၀၀၀က ဆန်ဆိုင်တိုင်းတောင်မတင်ပါဘူး။ အရင်တုန်းက ဆန်ချောကြီးပဲစားတာမလား၊ အခုမစားနိုင်တော့ဘူး၊ ဆန်ချော တအိတ်ကို နှစ်သိန်းဖြစ်နေပြီ၊ အခု ဆန်ကြမ်းနဲ့ ဆန်ချောသုံးလုံး ဆန်ကြမ်း ၂ လုံး အဲ့လို စားရတယ်”လို့ ပြောပါတယ်။

ပဲခူးတိုင်းအရှေ့ခြမ်းက စပါးပေါ်ချိန် မိုးမိခဲ့တဲ့ ဒိုက်ဦး၊ ဝေါ၊ သက္ကလစတဲ့ ဒေသတွေမှာလည်း ဆန်ကြမ်းဈေးက ကျပ် ၈၀၀၀၀ ကျော်မှာရှိနေပါတယ်။

ဆန်ဈေးတက်တာက ရာသီဥတုဖောက်ပြန်တာရယ်၊ သွင်းအားစုဈေးမြင့်လို့ စပါးအထွက် ကောင်းအောင်မစိုက်နိုင်ကြတာရယ်၊ လုံခြုံရေးအခြေနေကြောင့် နှစ်စဥ်သက်ဆိုင်ရာဌာနတွေက ထုတ်ပြန်နေကျ တပြည်လုံး စပါးစိုက်ဧက ၁၇ သန်းဆိုတာ ပြည့်မီနိုင်ဖို့ မဖြစ်နိုင်လောက်တဲ့ အနေအထားကို ရောက်နေပါတယ်။  

ဒေသခံတဦးက “ဦးတို့ဘက်မှာတော့ လောလောဆယ်က စပါးက နောက်တသီးက ပြန်မပေါ်သေးဘူး၊ ဒီဘက်မှာတော့ စပါးကသိပ်မရှိဘူး၊ ဈေးကွက်သာကြားနေတာ မတက်သေးဘူး၊ ဝယ်လို့မရသေးဘူး။ နောက်တလလောက်မှ တက်မှာပေါ့။ တခြားဈေးကွက်တွေကို လေ့လာတော့ ဆန်ဈေးတွေက အကုန်မာနေတာပဲ။ ရှစ်သောင်းအပေါ်ကို ရောက်ကုန်ပြီ”လို့ ပြောပါတယ်။

တနိုင်ငံလုံး အတိုင်းအတာအရ လုံခြုံမှုမရှိတော့တာ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲလာတာတွေ အပြင် စစ်ကောင်စီက ကုန်သွယ်မှုလုပ်ငန်းမှာလည်း နိုင်ငံခြားပို့ ကုန်ရငွေတွေအပေါ်မှာ လုပ်ငန်းရှင်တွေကို တန်ဖိုးအတိုင်း ခံစားခွင့်မပေးတာတွေကလည်း တိုင်းပြည်စီးပွားရေးကို အကြီးကျယ် ထိခိုက်စေတယ်လို့ သုံးသပ်တာတွေ ရှိပါတယ်။

ဒါကြောင့် ရင်းနှီးမြှုပ်နှံသူတွေက ပြည်တွင်းဈေးကွက် သေချာတဲ့အပြင် ပြည်ပကိုလည်း တင်ပို့နိုင်တဲ့ ဆန်စပါးစိုက်ပျိုးထုတ်လုပ်တဲ့လုပ်ငန်းမှာ သိုလှောင်ရင်းနှီးမြှုပ်နှံသူတွေ များလာလို့ စပါးအဝယ်များလာတာကလည်း ဆန်ဈေးတက်လာတဲ့ အကြောင်းရင်းဖြစ်တယ်လို့ ဆန်ပြည်ပတင်ပို့သူတဦးက ပြောပါတယ်။

“ဆန်ဈေးကွက်တက်ခြင်း၊ ကျခြင်းကတော့ အကြောင်းတရားတွေကတော့ အများကြီးပဲ၊ အဲ့ဒီထဲကမှ နံပါတ်တစ် ထင်သာမြင်သာရှိတာကတော့ ဒီ ငွေဈေးအပြောင်းအလဲ မူဝါဒ အပေါ်မှာ မူတည်တာပေါ။ နိုင်ငံရေး မတည်ငြိမ်တဲ့အပေါ်မှာ  လူတွေက တခြားအလုပ် မရှိတော့ဘူး။ ဘဏ်တွေကိုလည်း မအပ်ချင်တော့ဘူး။ တောင်သူလယ်သမားကြီးတဲ့သူတွေ ဆိုရင်လည်း ပိုတဲ့ငွေတွေကို စပါးပေါ်ချိန် စပါးဝယ်တယ်၊ ထည့်ထားတယ်။ ဒီလုပ်ငန်းက မဟုတ်တဲ့လူတွေကလည်း စပါးဝယ်တယ်၊ ထည့်ထားတယ်၊ ကစားကြတယ်။ အဆိုးဆုံးကတော့ ဆန်စပါးကို ကဏ္ဍပေါင်းစုံကဝင်လာပြီးတော့ ဝင်ကစားကြတယ်။ အဲ့အချက် ၃ ချက်နဲ့ တင် ပုံမှန်မဟုတ်တဲ့ ဆန်ဈေးစပါးဈေးတွေ ကြီးမြင့်ကုန်တာပေါ့။”

ဆန်စပါးသိုလှောင်တဲ့ ပမာဏများပြားလာပြီးတဲ့နောက် ဆန်ဈေးတွေက စပါးပေါ်ချိန်အလိုက် ပုံမှန် ဈေးတက်လေ့ရှိတဲ့ပုံစံမျိုးမဟုတ်တော့ဘဲ အချိန်အခါမဟုတ် ဈေးတွေတက်တက်လာတာ ဖြစ်ပါတယ်။

ဆန်ဈေးမတက်အောင် ဆန်စပါးအသင်းချုပ်က လအလိုက်ဖြစ်သင့်တဲ့ဈေးနှုန်း‌တွေ ထုတ်ပြန်ထားပေမဲ့ လက်လီပြင်ပပေါက်ဈေးက ဆန်ကြမ်းတအိတ်ကို ကျပ် ၁၀၀၀၀ ကျော်နဲ့ ဆန်ချောတအိတ်ကို ကျပ် ၇၀၀၀၀ ထိ မြင့်တက်နေတာဖြစ်ပါတယ်။ 

ဟန်န

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013