DVB Logo
Home
မြန်မာသတင်း
မုံရွာမြို့ ရွှေတောင်ဦးကွန်ပျူတာတက္ကသိုလ်ဖွင့်ပွဲ တိုက်ခိုက်ခံရ၊ မင်းကင်း လျှပ်စစ်ရုံး စီးနင်းခံရ 
DVB
·
September 6, 2023
မုံရွာမြို့ ရွှေတောင်ဦးကွန်ပျူတာတက္ကသိုလ်ဖွင့်ပွဲ တိုက်ခိုက်ခံရ၊ မင်းကင်း လျှပ်စစ်ရုံး စီးနင်းခံရ 
1 / 3
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စက်တင်ဘာ ၅ ရက် နေ့လယ် ၂ နာရီလောက်က ရွှေတောင်ဦး ကွန်ပျူတာတက္ကသိုလ်ဖွင့်ပွဲကို တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

ရှော့တိုက်ဒုန်း ၅ လုံးနဲ့ ဆားလင်းကြီးမြို့နယ်ဘက်ကနေ ရွှေတောင်ဦး ကွန်ပျူတာတက္ကသိုလ် ဖွင့်ပွဲကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒုံုံ ၂ လုံးကတော့ ပစ်မှတ်ထိမှန်ခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့တဖွဲ့ဖြစ်တဲ့  OSTF အဖွဲ့မှ ဗိုလ်ကျော်ကြီးကပြောပါတယ်။  

“စစ်ကျွန်ပညာရေးကို လုံးဝ လက်မခံနိုင်တဲ့အတွက် တိုက်ခိုက်ခဲ့တာပါ။ ကွန်ပျူတာ တက္ကသိုလ်သစ်ကို စစ်ကောင်စီက လာပြီးဖွင့်လှစ်တယ်လို့ သတင်းအတိအကျကြားလို့ပါ။ ထိခိုက်ကျဆုံး စာရင်းကိုတော့ မသိရပါဘူး” လို့ ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း-၁၆၊ တပ်ခွဲ-၁ Brother Task Force၊ တပ်ခွဲ-၂ One Star Task Force (OSTF) နဲ့ မဲမှောင်ပြောက်ကျားတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ကွန်ပျူတာတက္ကသိုလ်ဖွင့်ပွဲ တိုက်ခိုက်ခံရအပြီး စစ်ကောင်စီက အင်အားတိုးပြီး ဆားလင်းကြီးမြို့နယ်ကို စစ်ကြောင်းထိုးတဲ့အတွက် ဒေသခံတွေ အရေးပေါ် တိမ်းရှောင်နေရပါတယ်။

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့မှာလည်း မြို့အဝင် လမ်းဆုံရှိ မြို့နယ်လျှပ်စစ်ဓာတ်အားပေးရုံးမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ တပ်စွဲထားတာကို ကလေးခရိုင် အမှတ်-၁၁ တပ်ရင်းနဲ့ ပူးပေါင်းအဖွဲ့က စက်တင်ဘာ ၅ ရက် ညနေ ၄ နာရီခွဲမှာ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို့ အမှတ်-၁၁ တပ်ရင်း (MinKin People's Defence Force - Mkpdf-2) ထံက သိရပါတယ်။

အဆိုပါ ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေ ထွက်ပြေးသွားကြပြီး အလောင်း ၂ လောင်း၊ ကာဘိုင် ၁ လက်နဲ့ တခြားဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

ကလေးခရိုင် တပ်ရင်း-၁၁ မှ တပ်ရေးဗိုလ် ကိုကျားက “အဲဒီ EPC ရုံးက စစ်ကောင်စီတပ်နဲ့ ပျူစောထီးတို့ အခိုင်အမာ တပ်စွဲထားတဲ့ နေရာဗျ။ အဲ့ဒါကို ကျနော်တို့ တပ်ရင်းရယ်၊ မြို့နယ် ပကဖ၊ ပူးပေါင်းအဖွဲ့က နေ့လယ်ကတည်းက စတင်ချဉ်းကပ် နေရာယူကြပါတယ်။ ညနေ ၄ နာရီခွဲမှာ စတင်ပစ်ခတ်မှု ဖြစ်တယ်ဗျ။ ညနေ ၆ နာရီလောက်မှ ပြီးသွားတယ်။ တိုက်ပွဲကြာမြင့်ချိန် ၂ နာရီလောက် ကြာတယ်ပေါ့။ ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့ဘက်ကတော့ အထိအခိုက် မရှိခဲ့ပါဘူးဗျ။ ရန်သူ့ဘက်ကတော့ ၂ လောင်းတွေ့တယ်။ ကာဘိုင်တလက် ရတယ်။ ခဲယမ်းနဲ့ စစ်အသုံးအဆောင်တချို့ ရပါတယ်။ ထိတွေ့ပစ်ခတ်မှု အနေအထားမှာ ကျနော်တို့ တွေ့ရတာကတော့ စကစတွေက ထွက်ပြေးသွားပြီးမှ ပျူစောထီးတွေကို ထိုးကျွေးတဲ့ အနေအထားတွေ တွေ့ရပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

မင်းကင်းမြို့နယ်မှာ ရှိနေကြတဲ့ ရဲနဲ့ စစ်တပ်နဲ့ စစ်ကောင်စီဝန်ထမ်းတွေ အမြန်ဆုံး CDM ဝင်ကြဖို့ မကြာခင်အချိန်အတောအတွင်းမှာ ဒီထက်မက ကြီးမားတဲ့ တိုက်ခိုက်မှုတွေ၊ ထိုးစစ်တွေ စလာတော့မှာ ဖြစ်တဲ့အတွက် အမြန်ဆုံး ပြည်သူနဲ့ ပူးပေါင်းပေးကြဖို့ တပ်ရေးဗိုလ် ကိုကျားက တိုက်တွန်း ပြောပါတယ်။

အဆိုပါစစ်ဆင်ရေးကို ကလေးခရိုင် အမှတ်-၁၁ တပ်ရင်းနဲ့အတူ မင်းကင်းမြို့နယ် ပကဖ အဖွဲ့၊ ​ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (S.R.F) ရင်း-၂ ခွဲ-၂၊ တိမ်လွှာဒေါင်းမင်း (ပ.က.ဖ)၊ မင်းကင်းမြို့နယ် (ပ.က.ဖ)၊ Wolf Fighter နဲ့ LDF ပူးပေါင်းအဖွဲ့တို့ ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (S.R.F) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော် King ကလည်း “ရန်သူ့ဘက်မှ Carbine M2 ၁ လက်၊ 5.56 ကျည် ၃၂၆ တောင့်၊ .30 ကျည် ၃၃၉ တောင့်၊ MA ကျည်ဘောက် ၅ ခု၊ ဗုံးသီး ၁ လုံး၊ ငွေ ၆၅၄,၉၀၀ ကျပ်နဲ့ ဆိုင်ကယ် ၄ စီး သိမ်းဆည်းရမိခဲ့ပါတယ်” လို့ ထုတ်ပြန် ပြောကြားထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013