DVB Logo
Home
မြန်မာသတင်း
မူဆယ်နှင့် ကွတ်ခိုင်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ဦး သေဆုံး၊ ၇ ဦး ဒဏ်ရာရ 
DVB
·
September 6, 2023
မူဆယ်နှင့် ကွတ်ခိုင်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ဦး သေဆုံး၊ ၇ ဦး ဒဏ်ရာရ 
Donate to DVB

 

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်နဲ့ ကွတ်ခိုင်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦး သေဆုံး၊ ၇ ဦးထိခိုက်ဒဏ်ရာရကာ နေအိမ်၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်း၊ မူကြိုကျောင်း အပါအဝင် အဆောက်အဦ ၅ လုံးထက်မနည်း မီးလောင်ပြာကျခဲ့ရတယ်လို့ SHRF ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က စက်တင်ဘာ ၅ ရက်နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။

ဩဂုတ် ၂၇ ရက်က မူဆယ်-မန္တလေးလမ်းမကြီးဘေး နမ့်အွမ်ရွာအနီးရှိ TNLA တပ်ဖွဲ့ဝင်တွေကို ၁၀၅ မိုင်အခြေစိုက် စစ်ကောင်စီအမြောက်တပ်က လက်နက်ကြီးနဲ့ စပစ်ရာကနေ ဩဂုတ် ၃၀ ရက်ထိ ကွတ်ခိုင်မြို့နယ် ခိုမုန်း၊ နမ့်အွမ်၊ နမ့်ဖတ်ကာကျေးရွာမှာလည်းကောင်း၊ မူဆယ်မြို့နယ် လွိုင်တေးမိန်းတောင်နဲ့ စယ်လန့်ကျေးရွာအုပ်စု  ဖိုင်ကျောင်းရွာ၊ ဖိုင်မောဝ်ရွာ၊ နမ့်ကတ်ရွာတွေမှာ တိုက်ပွဲဖြစ်ပွါးခဲ့ပါတယ်။ 

အဆိုပါတိုက်ပွဲတွေမှာ TNLA တပ်ဖွဲ့ဝင်တွေက ဘုရားစေတီရှိရာ လွိုင်တေးမိန်းတောင်ပေါ် မှာလည်းကောင်း၊ ရွာထဲမှာလည်းကောင်း တိုက်ခိုက်တာကြောင့် စစ်ကောင်စီဘက်ကလည်း အဝေးကနေလက်နက်ကြီးနဲ့ လှမ်းပစ်သလို လေယာဉ်ပေါ်ကနေလည်း ဗုံးကြဲချခဲ့ပါတယ်။

တိုက်ခိုက်မှုတွေကြောင့် လွိုင်တေးမိန်းတောင်ပေါ်က ဘုန်းကြီးကျောင်း၊ နမ့်အွမ်ရွာက KBC ခရစ်ယာန်ဘုရားရှိခိုးကျောင်း၊ စယ်လန့်ရွာ မူကြိုကျောင်း၊ ဖိုင်ကျောင်းရွာက နေအိမ် ၂ လုံး ၊ ကား ၁ စီး၊ လယ်ထွန်စက် ၁ စီးမီးလောင်ပြာကျခဲ့ရပြီး နမ့်အွမ်ရွာကနေအိမ် ၁ လုံး၊ ဖိုင်ကျောင်းရွာက နေအိမ် ၄ လုံး ပျက်စီးခဲ့ပါတယ်။ 

ဒါ့အပြင် နမ့်ဖတ်ကာရွာက  ၁၅ နှစ်ရွယ် ၇ တန်းကျောင်းသူ ၁ ဦး၊ ၃၇ နှစ်ရွယ် နဲ့ ၅၈ နှစ်ရွယ်အမျိုးသား ၂ ဦးတို့ သေဆုံးခဲ့ပြီး စယ်လန့်ရွာက အသက် ၃၀ နှစ်ရွယ် နဲ့ ၅၀ ရွယ်အမျိုးသား ၂ ဦး၊ နမ့်ဖတ်ကာမှ ၁၉ နှစ်ရွယ်နဲ့ ၁၃ နှစ်ရွယ် လူငယ် ၂ ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့ကြပါတယ်။

ဩဂုတ် ၂၉ ရက်မှာ စစ်ကောင်စီဘက်က နမ့်အွမ်ရွာအနောက်ဘက် တောတောင်ထဲရှိ KIA တပ် စခန်းတွေကို စစ်ကြောင်းထိုးတိုက်ခိုက်ပြီး ၁၀၅ မိုင် အမြောက်တပ်ကလည်း လက်နက်ကြီးနဲ့ပစ်ကူလို့  နမ့်အွမ်ရွာက နေအိမ် ၁ လုံးပျက်စီးခဲ့ပါတယ်။ 

အဆိုပါတိုက်ပွဲတွေကြောင့် စယ်လန့်အုပ်စုနဲ့ နမ့်ကတ်အုပ်စုရှိ ရွာပေါင်း ၅ ရွာက ဒေသခံပြည်သူ ၂၀၀၀ နီးပါး မူဆယ်နဲ့ နမ့်ခမ်းမြို့ပေါ်ဘုန်းကြီးကျောင်းတွေမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။ 

မူဆယ်နဲ့ ကွတ်ခိုင်မှာ ခမရ  ၄၂၁ ၊ ၄၂၃ ၊ ၅၇၇ နဲ့ ခြေမြန်တပ်မ ၉၉ လက်အောက်ခံတပ်ဖွဲ့တွေ အတူ လှုပ်ရှားနေတယ်လို့ SHRF ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013