DVB Logo
Home
နိုင်ငံတကာ
ချင်းမိုင်တွင် လေထုညစ်ညမ်းမှု ဆက်လက်ဆိုးရွားနေ၊ ခရိုင် ၁၇ ခု၌ မီးခိုးမြူလေထုညစ်ညမ်း ပြဿနာ ဖြေရှင်းရန်ညွှန်ကြား 
DVB
·
March 31, 2026
Photo:DVB
Photo:DVB
Donate to DVB

ထိုင်းနိုင်ငံမြောက်ပိုင်းဒေသမှာ မီးခိုးမြူမှုန် P.M 2.5 တွေ ၅ ရက်ဆက်တိုက် ထူထပ်နေပြီး ချင်းမိုင်မြို့ဟာ ကမ္ဘာပေါ်မှာ လေထုညစ်ညမ်းဆုံး ပထမအဆင့် ၂ ရက်ဆက် ရောက်ရှိနေတာကြောင့် မီးခိုးမြူပြဿနာ ဖြေရှင်းရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ဖို့ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက မတ် ၃၁ ရက်မှာ ထုတ်ပြန်ပါတယ်။ 

ထိုင်းပြည်ထဲရေးဌာန အမြဲတမ်းအတွင်းဝန်လည်းဖြစ်၊ အမျိုးသားဘေးအန္တရာယ်ကာကွယ်ရေးနဲ့ လျော့ပါးရေးဌာန (NDPMC) ညွှန်ကြားရေးမှူးချုပ် နိုင်းအာရ်ဆစ် ဆမ်ဖန်းရတ်က လတ်တလော ထိုင်းမြောက်ပိုင်းဒေသ ၁၇ ခရိုင်မှာ မီးခိုးမြူ P.M 2.5 နဲ့ လေထုညစ်ညမ်းမှုတွေ ဖြစ်ပေါ် နေတာဟာ စံချိန်တင်မြင့်မားနေပြီး ပြည်သူလူထုကျန်းမာရေးအတွက် အန္တရာယ်ရှိစေတယ်၊ ဒီအပေါ်မှာ ဒေသထဲက တောမီးလောင်တာတွေ၊ မီးခိုးမြူပိတ်ဆို့နေတာတွေကို ထိထိရောက်ရောက်ဖြေရှင်းဖို့ လိုအပ်ကြောင်း သက်ဆိုင်ရာ ခရိုင်ဝန်အသီးသီးဆီ စာပေးပို့ ညွှန်ကြားထားပါတယ်။

အဆိုပါခရိုင် ၁၇ ခုမှာ ကမ်ဖိုင်ဖစ်၊ ချင်းရိုင်း၊ ချင်းမိုင်၊ တာ့ခ်၊ နခွန်းဆဝမ်၊ နန့်၊ ဖယောဝ်း၊ ဖိကျစ်၊ ဗိစနုလုတ်၊ ဖစ်ချဘွန်း၊ ဖရဲ့၊ မယ်ဟောင်ဆောင်၊ လမ်းပန်း၊ လမ်းဖွန်း၊ ဆုခိုထိုင်း၊ ဥတရဒစ်နဲ့ ဥထိုင်းဌာနီတို့ ဖြစ်ပါတယ်။

ပြည်ထဲရေးဌာနရဲ့ လမ်းညွှန်ချက်ထဲမှာ ဒေသတွင်း မြူမှုန်ပိတ်မှုအခြေအနေကို မပြတ် စောင့်ကြည့်တာ၊ သက်ဆိုင်ရာအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်တာ၊ အပူဇုန် Hot Spot (တောမီးလောင်တာ/တောင်ယာမီးရှို့တာ) တွေ့ရှိက ဥပဒေအရ ထိရောက်စွာ အရေးယူ အပြစ်ပေးတာ၊ ပုံမှန်အခြေအနေထိ ပြန်ရောက်အောင် နည်းအမျိူးမျိုးနဲ့ ဆောင်ရွက်တာ စတာတွေ ပါဝင်ပါတယ်။

Suomi NPP ဂြိုဟ်တုရဲ့ မတ် ၃၀ ရက် တွေ့ရှိချက်အရ ထိုင်းတနိုင်ငံလုံးမှာ Hot Spot အပူဇုန် (မီးလောင်ဇုန်) ပေါင်း ၄၇၅၀ နေရာ တွေ့ရှိတယ်၊ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ မြန်မာပြည်မှာ ၅,၅၀၅ နေရာ၊ လာအိုနိုင်ငံမှာ ၂,၇၀၄ နေရာ၊ ကမ္ဘောဒီးယားမှာ ၅၉၃ နေရာ၊ ဗီယက်နမ်မှာ ၄၈၉ နေရာ၊ မလေးရှားမှာ ၅၁ နေရာရှိတယ်လို့ GISTDA အဖွဲ့အစည်းက ထုတ်ပြန်ထားပါတယ်။

ထိုင်းမြောက်ပိုင်း ချင်းမိုင်မြို့ ချန့်ဖိုတ်ရပ်ကွက်မှာ P.M 2.5 သိပ်သည်းမှု  ၁၀၅ မိုက်ခရိုဂရမ်ရှိပြီး အနီရောင်အဆင့်နဲ့ ကမ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့ ဖြစ်နေတယ်။

မယ်ဟောင်ဆောင်မြို့မှာလည်း မီးခိုးမြူ လွန်စွာသိပ်သည်းနေတယ်၊ ဒါကြောင့် ပြည်သူတွေအနေနဲ့ အရေးကြီးကိစ္စမရှိပါက အပြင်မထွက်ဖို့၊ အပြင်ထွက်ဖို့ လိုအပ်ပါက နှာခေါင်းစည်းတွေ တပ်ကြဖို့၊ ဟင်းလင်းပြင်နေရာတွေ ရှောင်ရှားဖို့၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာ အခြေအနေရှိပါက ချက်ချင်း ဆရာဝန်နဲ့ ပြသဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

လတ်တလော ချင်းမိုင်၊ ချင်းရိုင်းနဲ့ အရှေ့မြောက်ပိုင်း အီဆန်ဒေသက ကလေးငယ်အချို့ နှာခေါင်းသွေးယိုတဲ့ လက္ခဏာ တွေ့ရှိတယ်၊ အသက်ရှူကျပ်ပြီး သေဆုံးတဲ့လူနာ တယောက်ရှိတယ်လို့ ချန်နယ် ၃ သတင်းမှာ ဖော်ပြပေမဲ့ လူနာနဲ့ပတ်သက်တဲ့ အချက်အလက် အသေးစိတ်ကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။

Source: Nation / ThaiPBS / Chiangmai News 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013