DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်၌ ပြည့်တန်ဆာအဖြစ် နှိပ်စက်စေခိုင်းခံရသည့် ထိုင်းမိန်းကလေး ၁ ဦး လွတ်မြောက်
DVB
·
September 5, 2023
မြန်မာပြည်၌ ပြည့်တန်ဆာအဖြစ် နှိပ်စက်စေခိုင်းခံရသည့် ထိုင်းမိန်းကလေး ၁ ဦး လွတ်မြောက်
Donate to DVB

မြန်မာနိုင်ငံ ရှမ်းပြည်နယ်ထဲမှာ ပြည့်တန်ဆာအဖြစ် နှိပ်စက်စေခိုင်းခံခဲ့ရတဲ့ ထိုင်းမိန်းကလေးတယောက်ကို နှစ်နိုင်ငံတာဝန်ရှိသူတွေ ပူးပေါင်းပြီး ကယ်ထုတ်ခဲ့ရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ထိုင်းအရှေ့မြောက်ပိုင်း၊ ဥဘွန်းရာ့ချ်ဌာနီခရိုင်က အသက် ၂၉ နှစ်ရွယ်ရှိ နန်းဆောင်နမ့် ဆိုသူ ထိုင်း မိန်းကလေးဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းပေါက်မှာ ပြည့်တန်ဆာအဖြစ် နှိပ်စက်စေခိုင်းခံရပြီး ပြန်လည်လွတ်မြောက်လာတာ ဖြစ်ပါတယ်။

စက်တင်ဘာ ၁ ရက်နေ့မှာတော့ မြန်မာဘက်ခြမ်း အာဏာပိုင်တွေက  တာချီလိတ်-မယ်ဆိုင် နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားမှာ ထိုင်းမိန်းကလေးကို လာရောက်အပ်နှံခဲ့ပြီး  ချင်းရိုင်းခရိုင် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့၊ မယ်ဆိုင်မြို့နယ်ရဲ တပ်ဖွဲ့၊ ချင်းရိုင်းခရိုင် လူကုန်ကူးမှု တားဆီးရေးနှင့် လူကုန်ကူးခံရသူ ဓားစာခံများအားကူညီရေးအဖွဲ့၊ လူမှုဝန်ထမ်းထိန်းသိမ်းစောင့်ရှောက်ရေးဂေဟာက တာဝန်ရှိသူတွေက သွားရောက်လက်ခံကြိုဆိုခဲ့ပါတယ်။ 

ဒီမတိုင်ခင်က ထိုင်းမိန်းကလေး တယောက် ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အထူးဒေသရှိ မြို့တမြို့မှာ ပြည်တန်ဆာအဖြစ် ရောင်းစားခံရလို့ အကူအညီလိုအပ်နေကြောင်း ဥဘွန်းဌာနီအခြေစိုက် Ninja Today ဖွေ့စ်ဘွတ်ခ် တာဝန်ရှိသူတွေထံ အကြောင်းကြားတာကြောင့် တာဝန်ရှိသူတွေက လိုအပ်သလို စုံစမ်းစစ်ဆေးပြီး မြန်မာအာဏာပိုင်တွေနဲ့ ပူးပေါင်း ကယ်ထုတ်ခဲ့တယ်လို့ ချင်းရိုင်းခရိုင် လဝကရဲမှူးက သတင်းထောက်တွေကို ပြောပါတယ်။  

အဆိုပါ ထိုင်းမိန်းကလေးဟာ အရင်က ဘန်ကောက်ရှိ စားသောက်ဆိုင်တဆိုင်မှာ ဧည့်ကြို PR အလုပ်လုပ်နေစဉ် ပြီးခဲ့တဲ့ မေလက Titok ထဲကနေ သိကျွမ်းခဲ့သူတစ်ဦးက သူ့ကို ရှမ်းပြည်နယ် မိုင်းပေါက်မြို့မှာ ဝင်ငွေကောင်းတဲ့ PR အလုပ်ရှိကြောင်း၊ တနေ့ တရုတ်ယွမ်ငွေ ၉၀၀  ရပြီး တဝက် ( ၄၅၀ ယွမ် )ကို ဆိုင်ရှင်ကို ပြန်ပေးရမယ်လို့ ပြောတယ်လို့ ဆိုပါတယ်။

အစပိုင်းမှာ သူက ငြင်းဆိုခဲ့ပြီး ဇွန်လလောက်မှာ ထပ်မံဆက်သွယ်လာကြောင်း၊ သူတို့ဆီမှာ အလုပ်သမားအရမ်းလိုနေလို့ လာစမ်းကြည့်စေချင်တယ်၊ အဆင်မပြေရင် ပြန်လို့ရတယ်လို့ ထပ်ပြောတာကြောင့် အဲဒီမှာလုပ်ကြည့်ဖို့ သဘောတူလိုက်တယ်လို့ မိန်းကလေးက ပြောပါတယ်။ 

ဒီနောက်သူဟာ ချင်းရိုင်းခရိုင် မယ်ဆိုင်ကနေ မြန်မာနိုင်ငံ တာချီလိတ်မြို့နယ်ဘက်ကို တောလမ်း ကနေ ကူးသွားကြောင်း၊ အဲဒီမှာ ကားနဲ့လာကြိုသူရှိပြီး ကျိုင်းတုံမြို့ကနေတဆင့် မိုင်းပေါက်ကို ရောက်သွားတယ်လို့ ဆိုပါတယ်။

အဲဒီနေရာဟာ နှစ်ထပ်တိုက် တလုံးဖြစ်ပြီး သံဆူးကြိုးတွေနဲ့ ကာရံထားကြောင်း၊ အထဲမှာ တရုတ်နိုင်ငံသားအများစုက Call Center  လုပ်ငန်းကို လုပ်ကိုင်ကြပြီး သူမဟာလည်း အဲဒီမှာ အနည်းဆုံး ၆ လ အလုပ်လုပ်ဖို့ စာချုပ်ရကြောင်း၊ စာချုပ်မှာ တရုတ်စာတွေနဲ့ ရေးထားလို့ သူမက မဖတ်တတ်လို့ လက်မှတ်မထိုးနိုင်ဘူးလို့ ပြောတော့ အလုပ်ရှင်က ရိုက်တဲ့အတွက် လက်မှတ်ထိုးခဲ့ရတယ်လို့ ပြောပါတယ်။

အဲဒီနောက် Call Center မှာ အလုပ်လုပ်နေတဲ့ အမျိုးသားနဲ့ တရုတ်ဧည့်သည်တွေကို လိင်ဖျော်ဖြေခိုင်းကြောင်း၊ သူမက မလုပ်နိုင်ကြောင်းပြောတော့ လက်ထိတ်ခတ်ကာ သံကြိုးကို တိုင်မှာချည်ထားကြောင်း၊ ကျောကုန်းကို တုတ်နဲ့ရိုက်တာ၊ လျှပ်စစ်ဓာတ်နဲ့ အတို့ခံရတာ၊ အက်ဆစ်နဲ့ပက်တာ၊ ၃ ရက် ထမင်းမကျွေးဘဲ အငတ်ထားတာတွေရှိတယ်လို့ ဆိုပါတယ်။

အဲဒီမှာ တခြားမိန်းကလေးတွေလည်းရှိပြီး တချို့က နှိပ်စက်တဲ့ဒဏ်မခံနိုင်လို့ လိုက်လျောခဲ့ရကြောင်း သူမဟာလည်း ထိုင်းနိုင်ငံကို လှမ်းပြီးအကူအညီတောင်းနိုင်ဖို့ အမျိုးမျိုးကြိုးစားရာမှာ ဥဘွန်းက  Ninja Today အကောင့်နဲ့ ဆက်သွယ်မိပြီး နောက်ဆုံးတော့ ငရဲခန်းထဲက လွတ်မြောက်ခဲ့ပြီလို့ ကာယကံရှင်မိန်းကလေးက တာဝန်ရှိသူတွေကို ဖွင့်ဟ ပြောဆိုသွားပါတယ်။     

Source:MGR Online/Daily News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013