စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ အမျိုးသမီးတယောက် အပါအဝင် ဒေသခံ ပြည်သူ ၄ ယောက်ကို စစ်ခုံရုံးကနေ စက်တင်ဘာ ၂ ရက်မှာ ထောင်ဒဏ် တသက်တကျွန်းနဲ့ နှစ်ရှည် ထောင်ဒဏ်တွေထပ်မံ ချမှတ်ခဲ့တယ်လို့ အင်းတော်တော်လှန်ရေးအဖွဲ့ Indaw Revolution - IR ထံကနေ သိရပါတယ်။
တော်လှန်ရေးကို ထောက်ပံ့တယ်၊ အဆက်အသွယ်တွေလုပ်တယ်လို့ စွပ်စွဲပြီးတော့ ဒေသခံ ကိုဇော်မျိုးနိုင်နဲ့ ကိုတင်မောင်ဝင်းတို့ကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းပြစ်ဒဏ်ချမှတ်ထားပြီး ကိုကျော်သက်နဲ့ မသီတာဝင်းတို့ကိုတော့ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်လိုက်တာပါ။
Indaw Revolution-IR မှ တာဝန်ရှိသူတစ်ဦးက “အင်းတော်မှာ အမြဲတမ်း အစစ်အဆေး ရှိတယ်လေ။ အဲမှာ ဖမ်းဆီး ထောင်ချတာတွေကတော့ အမြဲတမ်းပါပဲ။ ကိုဇော်မျိုးနိုင် ကတော့ သူက အင်းတော်မြို့၊ ညောင်ပင်စုရပ်ကွက်ကပါ။ ကိုတင်မောင်ဝင်းနဲ့ မသီတာဝင်း တို့ကတော့ အောက်ပိုင်းဘက်ကနေ တက်လာတာ ပြောတယ်။ အင်းတော် စစ်ဆေးရေးဂိတ်မှာ ကားပေါ်ကနေ ဖမ်းထားလိုက်တာပါ။ သူတို့ အောက်ပိုင်းကပဲ တစ်ယောက်ယောက်က သတင်းပေးလို့လားပဲ။ ကိုကျော်ထက်ကတော့ သူက အင်းတော်မြို့နယ်ထဲကပဲ။ ဘယ်ရွာကမှန်း မသိဘူး။ ၇ လပိုင်းကပဲ ရွာတစ်ရွာမှာ အဖမ်းခံခဲ့ရတာပါ။ လက်ရှိ အင်းတော်မြို့နယ်မှာ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံရသူ ၁၁ ဦးနဲ့ သေဒဏ် ချမှတ်ခံရသူ ၄ ဦးထိရှိနေပါပြီ။ ဒါကတော့ ကျနော်တို့ စာရင်းလုပ်ထားတဲ့ဟာပေါ့။ တခြား ပြစ်မှုကို သူတို့မကြေညာဘဲနဲ့ ထောင်ကို တန်းပို့လိုက်တာတွေလဲ ရှိသေးပါတယ်" လို့ ပြောပါတယ်။
ထောင်ဒဏ်များ ချမှတ်ခံရသူတွေဖြစ်ကြတဲ့ ကိုဇော်မျိုးနိုင်၊ တင်မောင်ဝင်း၊ မသီတာဝင်းနဲ့ ကိုကျော်သက် တို့ဖြစ်ကြပြီး သူတို့အားလုံးဟာ ၂၀၂၃ ခုနှစ် ဇူလိုင်လပိုင်းလောက်က ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
ကိုဇော်မျိုးနိုင်ကို ပုဒ်မ ၅၀ (ည)၊ ၅၂ (က) ၊ ကိုတင်မောင်ဝင်းကို ပုဒ်မ ၅၀ (ည)၊ရာဇသတ်ကြီး ပုဒ်မ ၁၂၄-ဂ အရ ထောင်ဒဏ်တစ်သက်တကျွန်းစီချမှတ်လိုက်တာဖြစ်ပြီး ကိုကျော်သက်နဲ့ မသီတာဝင်း တို့ကိုတော့ အကြမ်းဖက်တိုက်ဖျက်ရေး ပုဒ်မ ၅၂ (က) နဲ့ ၅၂ (ခ) အရ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်လိုက်တာ ဖြစ်ပါတယ်။