
အင်္ဂလန်မှာရှိတဲ့ ရာနဲ့ချီတဲ့ စာသင်ကျောင်းတွေဟာ ပြိုကျနိုင်ခြေရှိပြီး ဘေးအန္တရာယ်မကင်းဘူးလို့ ဗြိတိန်ပညာရေးဝန်ကြီးက စက်တင်ဘာ ၄ ရက်မှာ ပြောလိုက်ပါတယ်။
အိုမင်းပြီး ကြံ့ခိုင်မှုအားနည်းနေတဲ့ အဆောက်အဦတွေကို ပိတ်ထားဖို့ စာသင်ကျောင်း ၁၀၄ ကျောင်းကို အာဏာပိုင်တွေက အမိန့်ပေးခဲ့အပြီး ခုလိုပြောလိုက်တာပါ။
စာသင်နှစ်အသစ် မစတင်မီ ရက်ပိုင်းအလိုမှာ ကျောင်းအဆောက်အအုံတွေ ပြိုကျပျက်စီးခဲ့လို့ မိဘတွေနဲ့ ဆရာတွေကြား ဒေါသဖြစ်ခဲ့ပြီး ဒီပြဿနာဟာ လာမယ့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဝန်ကြီးချုပ် ရီရှီ ဆူးနတ်ခ်အတွက် နိုင်ငံရေး ခေါင်းခဲစရာအသစ် ဖြစ်လာပါတယ်။
ဆေးရုံတွေနဲ့ ကျောင်းတွေက အလုပ်သမားတွေ အပါအဝင် လုပ်သားတွေရဲ့ လပေါင်းများစွာ ဆန္ဒပြမှုတွေကို ရင်ဆိုင်ခဲ့ရတဲ့ ဗြိတိန်နိုင်ငံမှာ အများပြည်သူဆိုင်ရာ အခြေခံ အဆောက်အအုံတွေ ယိုယွင်းပျက်စီးနေတဲ့ မြင်ကွင်းကို အခုပြဿနာက ထပ်လောင်း ထင်ဟပ်ခဲ့တာပါ။
အင်္ဂလန်မှာရှိတဲ့ ကျောင်းပေါင်း ၁၅,၀၀၀ ရဲ့ ၁၀ ရာခိုင်နှုန်းလောက်ဆီက တုံ့ပြန်မှုတွေကို အစိုးရက စောင့်ဆိုင်းနေဆဲလို့ ပညာရေးအတွင်းဝန် ဂျေလီယံ ကီဂံက ပြောခဲ့ပါတယ်။
မေးခွန်းထုတ်ထားတဲ့ အဆောက်အဦတွေထဲမှာ ၁၉၆၀ ကနေ ၈၀ ပြည့်နှစ်တွေအတွင်း နံရံတွေ၊ ကြမ်းပြင်တွေနဲ့ မျက်နှာကြက်တွေမှာ အသုံးများတဲ့ အပေါ့စားကွန်ကရစ် (RAAC) ပါဝင်ပြီး ခုတော့ အားနည်းကာ အန္တရာယ်ရှိနေတယ်လို့ ယူဆထားကြပါတယ်။
RAAC ကို သုံးထားတယ်လို့ သံသယရှိတဲ့ ကျောင်းတွေကို လာမယ့်နှစ်ပတ်အတွင်း စစ်ဆေးမယ်လို့ ကီဂံက ပြောပါတယ်။
လက်ရှိ ထိခိုက်နေတဲ့ ကျောင်းအများစုကတော့ ပုံမှန်အတိုင်း လည်ပတ်နိုင်ဆဲလို့လည်း အစိုးရက ပြောပါတယ်။
ဝန်ကြီးချုပ် ဆူးနတ်ခ်က အရင် ဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ချိန်တုန်းက ကျောင်းတွေကို ပြုပြင်ဖို့ နှစ်စဉ် ရန်ပုံငွေ နှစ်ဆတိုးပေးဖို့ တောင်းဆိုထားချိန်မှာ ဆူးနတ်ခ်က တဝက်ပဲ ဘတ်ဂျက်ချပေးခဲ့တယ်လို့ ပညာရေးဌာန ထိပ်တန်းဝန်ထမ်းဟောင်း တဦးဖြစ်သူက ပြောပါတယ်။
ရုပ်သံလွှင့်ဌာနတွေနဲ့ စကားပြောရာမှာ ဆူးနတ်ခ်ဟာ ဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန်ယူချိန်က ကျောင်းတွေနဲ့ပတ်သက်တဲ့ သူ့မှတ်တမ်းကို ကာကွယ်ခဲ့ပါတယ်။
စာသင်ကျောင်းတွေ ပြိုကျနိုင်ခြေနဲ့ ပတ်သက်ပြီး ထပ်ခါတလဲလဲ သတိပေးချက်တွေကို အစိုးရက အလေးအနက် မလုပ်ဆောင်ခဲ့ဘဲ ကလေးတွေရဲ့ အသက်အန္တရာယ်ကို အန္တရာယ်ဖြစ်စေတယ်လို့ အတိုက်အခံ လေဘာပါတီက ဆူးနတ်ခ်ကို စွပ်စွဲခဲ့ပါတယ်။
Source/Photo-Reuters










