မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၆ ဦးအပါအဝင် ၃၆ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ စက်တင်ဘာ ၄ ရက်နေ့မှာ မလေးရှားလူဝင်မှုကြီး ကြပ်ရေးဌာနက ထုတ်ပြန်ပါတယ်။
ကွာလာလမ်ပူလမ်းမကြီးမှာ ပူတြာဂျာရာလူဝင်မှုကြီးကြပ်ရေးဌာနချုပ်ရဲ့ ထောက်လှမ်းရေးတွေနဲ့ အထူးစစ်ဆင်ရေးဌာနခွဲမှ အရာရှိတွေက ကွာလာလမ်ပူဘက်သွားတဲ့ ယာဥ်တွေကို စစ်ဆေးနေချိန်မှာ ဘက်စ်ကား ၃ စီးထဲမှ တရားဝင်အထောက်အထား စာရွက်စာတမ်းမပါတဲ့ မြန်မာနိုင်ငံသား ၁၆ ဦးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအယောက် ၂၀ တို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။
ဖမ်းဆီးခံရတဲ့ မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဟာ ထိုင်းနိုင်ငံမှတဆင့် မလေးရှားနိုင်ငံကို တရားမဝင် ဝင်ရောက်ခဲ့တာဖြစ်ပြီး ပွဲစားခ တဦးကို မလေးရှာငွေရင်းဂစ် ၁၀,၀၀၀ ပေးဆောင်ခဲ့ရတာ ဖြစ်ပါတယ်။
ဖမ်းဆီးမိသူတွေကို လူဝင်မှုကြီးကြပ်ရေးက စစ်ဆေးခဲ့ပြီး အရင်က မှုခင်းမှတ်တမ်းတွေကို အခြေခံပြီး နာမည်ပျက်စရာင်းသွင်းထားတဲ့သူတွေ ပါရှိတယ်လို့ မလေးရှားလူဝင်ကြီးကြပ်ရေးဌာန က ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာနိုင်ငံသား ၁၆ ဦးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအယောက် ၂၀ တို့ကို မလေးရှားလူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ၁၉၅၉/၆၃ အရ ပြစ်မှုကျူးလွန်တယ် သံသယရှိနဲ့ ဖမ်းဆီးခဲ့ပြီး ဆက်လက်စစ်ဆေးဖို့အတွက် ဆီလန်ဂေါ်ပြည်နယ် ဆီမန်ရစ်လူဝင်မှု ကြီးကြပ်ရေးစခန်းမှာ ထိန်းသိမ်းထားပါတယ်။
Photo.Jabatan Imigresen Malaysia