DVB Logo
Home
မြန်မာသတင်း
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းဟု သတင်းထွက်ပေါ်
DVB
·
September 4, 2023
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းဟု သတင်းထွက်ပေါ်
Donate to DVB

အကျဉ်းကျခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး မကောင်းဘူးဆိုတဲ့ သတင်းတွေ အခုရက်ပိုင်းမှာ ထွက်ပေါ်နေပေမဲ့  အတည်မပြုနိုင်သေးဘူးလို့ နေပြည်တော်အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေက ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းတဲ့အကြောင်းနဲ့ လိုအပ်တဲ့ ဆေးကုသခွင့်တွေ မရကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေဟာ မှန်ကန်ကြောင်း ဘယ်သူကမှ အတည်မပြုနိုင်သေးဘဲ ရှေ့နေအဖွဲ့ကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရတာ ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

နေပြည်တော်အကျဉ်းထောင်နဲ့ နီးစပ်သူတဦးက “ကျနော်တို့လည်း မေးတော့မေးတယ်၊ နီးစပ်နိုင်တဲ့ ပုဂ္ဂိုလ်တွေကို မေးပါတယ်။ အပြင်ပြောင်းတာတော့ ဟုတ်တယ်လို့ ပြောတယ်။ ကျန်းမာရေးတော့ အတိအကျ မသိရသေးဘူး။ စုံစမ်းကြည့်ပါဦးမယ်။ ဒုဝန်ကြီးတွေအိမ် ပြောင်းတယ်ဆိုတာတော့ ဟုတ်တယ်လို့ပြောတယ်။ နောက်တနေရာကျတော့လည်း မဟုတ်ဘူးတဲ့၊ နေပြည်တော်အချုပ်ထဲမှာလို့ပဲ ပြောတယ်။ အတိအကျကို မရသေးဘူး” လို့ ပြောပါတယ်။

တောင်ငူထောင်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ဟာလည်း ပြီးခဲ့တဲ့ လပိုင်းတွေတုန်းက ကျန်းမာရေးမကောင်းတဲ့အကြောင်းနဲ့ ဆီးပိုက်တပ်ထားရတဲ့အကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

စစ်ကောင်စီဟာ နိုင်ငံငံခေါင်းဆောင်တွေ အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို နည်းမျိုးစုံနဲ့ နှိပ်စက်နေတာဖြစ်ပြီး စစ်အစိုးရအဆက်ဆက် အကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ မသေသင့်ဘဲ သေဆုံးခဲ့ကြရတာပါ။

ဝါရင့် တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က “တို့နိုင်ငံမှာတော့ အကျဉ်းသားတွေဟာ ဆေးဝါးကုသမှုနဲ့ ပတ်သက်လို့ကတော့ ဦးဉာဏ်ဝင်းတို့ သေကုန်တာတွေ၊ မောင်သော်ကတို့ သေကုန်တာတွေ၊ နောက် P သုံးလုံးက ဆရာဦးခင်မောင်မြင့်တို့ သေကုန်တာတွေ အများကြီးပဲ။ မသေသင့် မသေထိုက်တဲ့သူတွေ အများကြီး သေကုန်ကြတာ။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဖိအားပေးတာပေါ့နော်။ သူတို့လိုချင်တဲ့လိုင်းကို မဝင်လို့ ဖိအားပေးတာပေါ့။ ဒါပေမဲ့ အခုကြားရတဲ့ သတင်းကတော့ အစာမစားနိုင်ဘူးပေါ့နော်။ သွားကိုက်တော့ ဆန်ပြုတ်တွေ စွပ်ပြုတ်တွေ သောက်ရမှာ။ အဲဒါ ရ၊ မရတော့ မသိဘူးပေါ့။ ဒီလိုပဲ ဖြတ်သန်းရမှာပေါ့။ သို့သော် နိုင်ငံ့ခေါင်းဆောင်တယောက်ကို သူတို့ အလိုဆန္ဒမပြည့်လို့ သူတို့ဖြစ်စေချင်သလို မဖြစ်လို့ နှိပ်စက်တဲ့သဘော ဆိုတာကတော့ လုံးဝမသင့်တော်ဘူး” လို့ ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ရဲ့ အထူးအယူခံ အမှုတွေကို စစ်ကောင်စီ တရားလွှတ်တော်ချုပ်က စက်တင်ဘာ ၁ ရက်မှာ ပယ်ချခဲ့ပါတယ်။

သဘာဝဘေးပုဒ်မအမှုတွေ၊ ပို့ကုန်သွင်းကုန်ဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ) စတဲ့အမှုတွေကို အထူးအယူခံတက်ခွင့်မရပေမဲ့ နောက်ထပ်ရနိုင်မယ့် နည်းလမ်းတွေကို  နိုင်ငံ့ခေါင်းဆောင်တွေရဲ့ ရှေ့နေအဖွဲ့က ရှာဖွေနေတယ်လို့ သိရပါတယ်။

အခုလို အယူခံတွေ အဆင့်ဆင့် ထပ်တက်နေရတာဟာ ရှေ့နေအဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ဆောင်ရွက်ဖို့ မှာကြားထားတာကြောင့်ဖြစ်တယ်လို့ နေပြည်တော်အကျဉ်းထောင်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“နိုင်ငံရေးကတော့ တရားဥပဒေစိုးမိုးတာတို့ လွတ်လပ်ပြီး တရားမျှတဲ့ တရားစီရင်ရေးတို့ ဘယ်ရှိမှာတုန်း။ ဒါပေမဲ့ မှာထားတာက ဆက်တက်နေ၊ ဒါ ဥပဒေအရ သူတို့မတရားဘူး၊ မမှန်ကန်ဘူးဆိုတာ သိအောင် တက်နေတာ၊ မှတ်တမ်းရအောင်လို့ပါပဲ။ အတိအကျတော့ မသိရသေးဘူး။”

စစ်ကောင်စီက ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်ကို ပြည်ထောင်စုအစိုးရအဖွဲ့ ဝန်ကြီးနေရာကို ရွှေ့ပြောင်းလိုက်ပြီး အရင် ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ရာပြည့်ကို ပြည်ထဲရေးဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ကြောင်း ဩဂုတ် ၃ ရက်နေ့မှာ ကြေညာချက် ထုတ်ခဲ့ပါတယ်။

ထိပ်ပိုင်းအရာရှိကို အပြောင်းအလဲလုပ်ခဲ့သလို အောက်ခြေ အကျဉ်းထောင်တွေအထိလည်း စစ်ကောင်စီက အပြောင်းအလဲတွေပြုလုပ်ပြီး သတင်းအချက်အလက် ယိုစိမ့်မှုကို ထိန်းချုပ်ခဲ့ပါတယ်။

စစ်ကောင်စီ ပြန်ကြားရေးက နိုင်ငံတကာသတင်းဌာနတွေနဲ့ ထိတွေ့ရာမှာ ဌာနတခုကို တမျိုးပြောပြီး အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး၊ တွေ့ဆုံဆွေးနွေးရေး၊ အမှုတွေအခြေအနေ၊ အာဆီယံကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခွင့်၊ ကျန်းမာရေး စတဲ့အကြောင်းအချက် အမျိုးမျိုးနဲ့ပတ်သက်ပြီး သတင်းမှားတွေ ထုတ်လွှင့်ခဲ့ပါတယ်။

ဝါရင့်ရှေ့နေကြီး ဦးကြီးမြင့်က “ထောင်ကိုလည်းပဲ အခု ပြည်ထဲရေးဝန်ကြီး ပြောင်းပစ်တယ်။ ဒုဝန်ကြီး ပြောင်းပစ်တယ်။ ညွှန်ချုပ်တွေ ပြောင်းပစ်တယ်။ ထောင်ပိုင်တွေပြောင်းတယ်။ အရေးယူတယ်။ နမူနာပြလိုက်ခြင်းအားဖြင့် ဘယ်ကောင်မှ တုတ်တုတ်တောင် မလှုပ်ရဲအောင် ဘာသတင်းမှ မထွက်ရဲအောင် အပြင်းအထန် လုပ်ထားတယ်။ ဒါကြောင့်မို့ သတင်းလေး ယိုစိမ့်ထွက်လာတာကိုပဲ စိစစ်ရတဲ့အဆင့်ပဲ ရှိတယ်။ ဘာလို့လဲဆိုတော့ သူတို့က လုံးဝကို ပိတ်ထားလိုက်ပြီ” လို့ ပြောပါတယ်။

စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေကနေ လျှော့ပေါ့ပေးကြောင်း ဩဂုတ် ၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချမှတ်ထားတဲ့ အမှု ၁၉ မှုထဲက ၅ မှု၊ စုစုပေါင်းထောင်ဒဏ် ၃၃ နှစ်ထဲက ၆ နှစ်ကိုသာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးခဲ့တာဖြစ်ပြီး အတိုင်ပင်ခံပုဂ္ဂိုဟ်ဟာ စုစုပေါင်း ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခံထားရဆဲ ဖြစ်ပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013