DVB Logo
Home
မြန်မာသတင်း
ဝက်လက်မြို့နယ်ကို စစ်ကောင်စီတပ်က  စစ်ကြောင်း ၇ ကြောင်းဖြင့် ပိတ်ဆို့ စစ်ကြောင်းထိုးနေ
DVB
·
September 4, 2023
ဝက်လက်မြို့နယ်ကို စစ်ကောင်စီတပ်က  စစ်ကြောင်း ၇ ကြောင်းဖြင့် ပိတ်ဆို့ စစ်ကြောင်းထိုးနေ
Donate to DVB

စစ်ကိုင်တိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်တို့ကို စစ်ကောင်စီတပ်က  စစ်ကြောင်း ၇ ကြောင်း၊ စစ်သည် အင်အား ၆၄၀ ဝန်းကျင်နဲ့ ပတ်ပတ်လည်ကနေ စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့  ဒေသခံ PDF တွေကပြောပါတယ်။

ဝက်လက်မြို့နယ်ကို စစ်ကောင်စီတပ်က  Lockdown အမိန့်ချပြီး ပိတ်ဆို့ထားပေမဲ့ နယ်မြေမထိန်းချုပ်နိုင်သေးတာကြောင့် ခုလိုအင်အားသုံးလာတာလို့ ဒေသခံ PDF တွေက ပြောပါတယ်။

စစ်ကြောင်းထိုးနေတာကြောင့် ဝက်လက်နယ်ထဲက စန်းကြီး၊ ပသကြီး၊ အုန်းနှဲဘုတ်၊ ပေါက်ကံ၊ ခက်ခ၊ စမွန်း၊ ကျုံးတော၊ ညောင်ပင်ကြီးတော၊ ရေသောက်ကန်၊ သုံးဆင့်ကန်၊ ခုခေါင်း စတဲ့ကျေးရွာတွေက ရွာသားတွေဟာ ရွာတွေထဲမှာမနေရဲတော့ဘဲ တောတွေထဲမှာ သွားနေနေရပါတယ်။

ဝက်လက် PDFတပ်ဖွဲ့မှ ကိုစွန်ရဲက "စစ်ကြောင်း ၇ ကြောင်းနဲ့ ရှင်းလင်းရေး ပိတ်ဆို့ရေးနဲ့ ဖြတ်တောက်ရေးပုံစံမျိုး ပုံစံချပြီးတော့ အတင်းလုပ်နေတယ်။ ဒီဘက်မှာတော့ ပြည်သူတွေကတော့ စစ်ကြောင်းတွေကြားပြီးတော့ အထိတ်တလန့်နဲ့ပြေးလွှားနေရတယ်ပေါ့နော်။ ပဒူကျေးရွာကနေထွက်လာတဲ့စစ်ကြောင်းက သောင်ရင်းကျေးရွာကို မနက် ၁၀ နာရီလောက် ပစ်ခတ်ပြီးတော့ ရွာကိုဝင်စီးလိုက်တာပေါ့။ ပြေးနေရတာပေါ့ ကြောက်လန့်ပြီးတော့။ ရွှေဘိုဘက်ကနေဝင်လာတာက ဂွေးကုန်းမှာရောက်နေပြီ အင်အား ၈၀ လောက်။  ဒုတိယအကြောင်းက ဝက်လက်အနောက်မြောက် ရွှေဘိုအောင်ချမ်းသာကနေပြီးတော့ ထိုးလာတာ ၉၀ လောက်ရှိတယ်။ ဝက်လက်အရှေ့မြောက်ဖျား ထုံးဘိုကနေထိုးလာတာက ၈၀ လောက်၊ ဝက်လက်တောင်ဘက် ပေါက်ကံဘူတာမှာက ၈၀ ခန့်ရှိတယ်။ ဝက်လက်အရှေ့ စဉ့်ကူး ရွာသာယာမှာက ၇၀ ခန့်၊ ဝက်လက်အရှေ့တောင်ဖျား အုန်း နှစ်ပင်က စစ်ကြောင်းက ၁၀၀ ခန့်ရှိတယ်။ ဝက်လက်တောင်ဘက် စစ်ကိုင်း ပဒူက ၇၀ ခန့်ရှိတယ်။ ဝက်လက်ရဲ့အနောက်တောင် စစ်ကိုင်းမြို့နယ် မလဲတောမှာက ၇၀ လောက်ရှိတယ်။ အားလုံးစုစုပေါင်း စစ်အင်အား ၆၄၀ လောက်နဲ့ ဒီဘက်က ခွင်ကို ထိုးဖို့ပြင်ဆင်နေတယ်”လို့ ပြောပါတယ်။

ဝက်လက်မြို့နယ်ဟာ စစ်ကိုင်း၊ မန္တလေးနယ်စပ်မှာတည်ရှိပြီး PDF တွေ ခိုအောင်းဖို့တောကောင်းတာနဲံ စစ်ကောင်စီက ဝက်လက်မြို့နယ်ကိုဖြတ်ပြီး ထောက်ပို့ရထား ပြေးဆွဲချင်တာ စတဲ့အချက်တွေကြောင့် စစ်ကောင်စီကနယ်မြေထိန်းချုပ်ဖို့ကြိုးစားနေတာ ဖြစ်ပါတယ်။

ဝက်လက် LPDF အဖွဲ့မှ ကိုကျားကြီးက "နယ်မြေက တော်တော်လေး ဝက်လက်နဲ့ဆို တဝက် ကျိုးလုသွားပြီဗျ။ သူတို့တော်တော်လေးကိုတိုးလာပြီဗျ။ ဒီဘက်က တော်လှန်ရေးအင်အားစုက ရထားလမ်း မပြေးဆွဲနိုင်အောင်တော့ လုပ်ဆောင်ထားတာတွေတော့ရှိတယ်ဗျ။ သူတို့က စစ်ကိုင်းနဲ့ ဒီဘက်နဲ့ကို ခေါင်း နှစ်ခေါင်းတပ်ပြီး ဟိုဘက်ပြေးလိုက် ဒီဘက်ပြေးလိုက် လုပ်နေတယ်။ တော်တော်များများ ညောင်ပင်ကြီးတောတို့ရော ရေသောက်ကန်တို့ရော လမ်းကလူတွေ တော်တော်များများ စစ်ဘေးရှောင်တွေ အဖမ်းခံရတယ်။ မနေ့ညက ၁ ချက်ထိုး ၂ ချက်ထိုး ဝင်ဆွဲတော့ တော်တော်များများအဖမ်းခံရတယ်။ အယောက် ၂၀ ကျော် ၂၅ လောက်တော့ ဖမ်းတဲ့အထဲပါသွားတယ်”လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ခင်ဦး၊ ရေဦး၊ ဒီပဲယင်း၊ ယင်းမာပင်၊ ဆားလင်းကြီးနယ်တွေမှာလည်း စစ်ကောင်စီက ဆက်တိုက်စစ်ကြောင်းထိုးနေပြီး စစ်ကိုင်းတိုင်းတခုလုံးမှာ လတ်တလောစစ်ကြောင်းတွေကြောင့် ထွက်ပြေးနေရတဲ့ စစ်ရှောင်ပြည်သူ ၅၀၀၀၀ ထက်မနည်းရှိနေတယ်လို့ စစ်ကိုင်းပြည်သူဖေးမကူကွန်ရက် တာဝန်ရှိသူက ခန့်မှန်းထားပါတယ်။

ရေဦးစစ်ဘေးရှောင်ပြည်သူတဦး "စစ်ဘေးရှောင်တဲ့နေရာမှာ ကျနော်တို့မြို့နယ်မှာ စစ်ရှောင်စခန်းဆိုပြီး လုပ်ထားတာမရှိဘူး။ ကျေးရွာတိုင်းဟာ စစ်ရှောင်စခန်းတွေချည်းပဲ။ ကိုယ့်ရွာဝင်တော့ သူ့ရွာပြေးတယ်။ ဒီစနစ်နဲ့ပဲသွားနေတယ်။ တခါတလေမှာ ကျေးရွာတွေမှာ သက်ကြီးရွယ်အိုတွေနဲ့ ဂီလာနတွေ သယ်ထုတ်နိုင်တဲ့အဆင့်မရှိဘူး။ မိုးတအားရွာတဲ့အခါကြတော့ မြေလမ်းတွေဆိုတဲ့အခါကြတော့ သူတို့ကိုကယ်ထုတ်ဖို့မလွယ်ဘူး။ အဲ့ဒီအခက်အခဲတခုရှိတယ်။

မန္တလေး-မြစ်ကြီးနားရထားလမ်းပိုင်းကို ပြန်လည်အသုံးပြုနိုင်ဖို့ စစ်ကိုင်းဒေသတွင်း မီးရထားလမ်းဖြတ်သန်းရာလမ်းဘေးကျေးရွာတွေကို စစ်ကောင်စီက ဇူလိုင်လကုန်ပိုင်းကစပြီး ဝင်ရောက်နယ်မြေရှင်းလင်းနေတာပါ။ 

စစ်ကိုင်းတိုင်းအတွင်း မီးရထားလမ်းပိုင်းဟာ မန္တလေးကနေ အောက်မြန်မာပြည်ရန်ကုန်၊ မန္တလေးကနေ အထက်မြန်မာပြည် မြစ်ကြီးနားအထိ ချိတ်ဆက်နေတဲ့လမ်းပိုင်းဖြစ်ပါတယ်။

စစ်အာဏာမသိမ်းခင်က ဒီလမ်းပိုင်းကနေ စစ်တပ်က သစ်၊ ကျောက်စိမ်း၊ ကျောက်မီးသွေးနဲ့ စားနပ်ရိက္ခာတွေအဓိကထားသယ်ဆောင်ခဲ့တာပါ။

မီးရထားလမ်းကို ပြန်အသက်သွင်းဖို့ကြိုးစားနေတာဟာ စစ်ကောင်စီတပ်တွေအတွက် ရိက္ခာထောက်ပို့နိုင်ဖို့နဲ့ မီးရထားဝန်ထမ်းတွေ CDM ဝင်ထားတာကြောင့် ရပ်တန့်နေတဲ့ မီးရထားလုပ်ငန်းကို နိုင်ငံတကာအမြင်မှာ ပုံမှန်လည်ပတ်နေကြောင်း ပြန်လည်ပြသနိုင်ဖို့ ရည်ရွယ်တာ ဖြစ်နိုင်တယ်လို့  PDF ခေါင်းဆောင်တွေက ခန့်မှန်း ပြောပါတယ်။  

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013