DVB Logo
Home
မြန်မာသတင်း
ယင်းမာပင်၊ ဆားလင်းကြီးတွင် စစ်ရေယာဥ်များနှင့် ပျူစောထီးရွာ တိုက်ခိုက်ခံရ၊ ကလေးမြို့၌ တလအတွင်း တိုက်ပွဲ ၁၅ ကြိမ် ဖြစ်ပွား
DVB
·
September 4, 2023
ယင်းမာပင်၊ ဆားလင်းကြီးတွင် စစ်ရေယာဥ်များနှင့် ပျူစောထီးရွာ တိုက်ခိုက်ခံရ၊ ကလေးမြို့၌ တလအတွင်း တိုက်ပွဲ ၁၅ ကြိမ် ဖြစ်ပွား
Donate to DVB

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အပိုင် မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းပေါ်က ပျူစောထီးရွာကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့တယ်လို့  Union Libreation Front (မဟာမိတ်တပ်ပေါင်းစု)ပြန်ကြားရေးက ပြောပါတယ်။

စက်တင်ဘာလ ၃ ရက် နေ့လယ် ၁ နာရီလောက်မှာ ယင်းမာပင်မြို့နယ်ထဲက ဘန့်ဘွေးရွာမကျေးရွာ (ဒေသခံအခေါ်ပျူစောထီးရွာ) ထဲ စစ်သား၊ ရဲ၊ ပျူစောထီးတပ်ဖွဲ့ဝင်တွေ စုဖွဲ့မှုပြုလုပ်ထားပြီး မီးရှို့တာတွေနဲ့ အကြမ်းမှုတွေ မကြာခဏပြုလုပ်နေလို့ ဝေဟင်တိုက်ခိုက်မှုအဖြစ် DY(850) တိုက်ခိုက်ရေး Drone နဲ့ အီနာဂါဗုံးသီး ၃ လုံး သွားရောက်ကြဲချ တိုက်ခိုက်ခဲ့တာလို့ Union Libreation Front (မဟာမိတ်တပ်ပေါင်းစု)ပြန်ကြားရေးတာဝန်ခံ ကိုဂျော်ဒန်က ဒီဗွီဘီကို ပြောပါတယ်။

"အဲ့ရွာမှာက ပျူ၊ စစ်ကောင်စီတပ်၊ ရဲတို့ တပ်စွဲနေထိုင်တာ ၁ နှစ်ခွဲလောက်ရှိပြီ။ ကျနော်တို့ဖရဲသီးတွေလည်းရှိတော့ သူတို့ရဲ့လှုပ်ရှားမှုဆိုင်ရာအကုန်လုံးက ကျနော်တို့ဆီ သတင်းပြန်ရောက်ပါတယ်။ ဘေးနားကရွာတွေက ဒေသခံတွေလည်း အဲ့ရွာကပျူတွေရှိနေလို့ အနီးအနားတွေမှာ မနေရကြတော့ပါဘူး။ အရင်က ခရီးသွားပြည်သူတွေက အဲ့လမ်းကို အသုံးပြုပြီး မုံရွာကို အသွားအလာလုပ်ကြတာ၊ အခုတော့ စစ်ကောင်စီတပ်တွေက ပျူတွေနဲ့ ပေါင်းပြီး ခရီးသွားပြည်သူတွေကို နှောင့်ယှက်နေလိူ့ အဲ့လမ်းကိုအသုံးမပြုကြတော့ပါဘူး။”

ဘန့်ဘွေးရွာမ ပျူစောထီးရွာတိုက်ခိုက်ခံရမှုမှာ ပျူစောထီးခေါင်းဆောင်နေအိမ်ကို ဗုံးသီးကျရောက်ခဲ့တယ်လို့ သတင်းရရှိထားပြီး ပျူစောထီးရွာမှာ လက်နက်ကိုက်ဆောင်ထားသူ ပျူစောထီးမိသားစု ၁၈ စု၊ လူဦးရေ ၆၅ ယောက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်အယောက် ၃၀၊ ရဲအင်အား ၂၅ ယောက်၊ လက်ရုံး BE တပ်ဖွဲ့ဝင် ၁၀ ယောက် တပ်စွဲထားကြပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေ  တိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ DY(850) တိုက်ခိုက်ရေး Drone အမျိုးအစားက ကင်မရာတပ်ဆင်လို့ မရတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးမှုကို အတည်မပြုနိုင်ဘူးလို့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ပြောပါတယ်။

တိုက်ခိုက်မှုတွေကိုတော့  ULF (တပ်ပေါင်းစု) Comrade စစ်ကြောင်းမှ ဗိုလ်မုတ်ဆိတ်အဖွဲ့၊ ချင်းတွင်းတိုက်ဂါး CTLPDF၊ ဗိုလ်ထွန်းတောက်၊ ဗျတ္တညီနောင် တို့အပြင် ဒေသမဟာမိတ်တပ်ဖွဲ့များဖြစ်တဲ့ NWPDF၊ ယင်းမာပင်ခရိုင် Drone Army၊ MTOF၊ ရဲခေါင် ပြောက်ကျား၊ BLF တပ်ဖွဲ့ တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ဩဂုတ် ၂၉ ရက်နေ့ မနက် ၁၀ နာရီ ဝန်းကျင်ကလည်း ပြည်သူပိုင် သစ်ခိုးထုတ်နေတဲ့ စစ်ကောင်စီတပ်ကို ULF (တပ်ပေါင်းစု) နဲ့ ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က သေနတ်တလက် သိမ်းဆည်းရမိခဲ့ပါသေးတယ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် မြစ်ကမ်းတနေရာမှာ စစ်ကောင်စီရဲ့ ရေယာဥ် ၁ဝ စီးကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက တရက်တည်းမှာ နှစ်ကြိမ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄ ဦး သေဆုံးသွားခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။

စက်တင်ဘာ ၂ ရက်နေ့  မွန်းတည့် ၁၂ နာရီလောက်မှာ ရေစကြိုဘက်ကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီရဲ့ စစ်သင်္ဘော ၃ စင်းနဲ့ ဖလက်ခွံရေယာဥ် ၇ စင်းကို ဆားလင်းကြီး မြစ်ကမ်းတနေရာအရောက် ပြည်သူ့ကာကွယ်ရေးတပ်တွေကနေ စတင်တိုက်ခိုက်ခဲ့ပြီး နာရီဝက်ခန့်အကြာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

ဒေသကာကွယ်ရေးတပ်ဖြစ်တဲ့ Hero Fighter(Salingyi) တိုက်ခိုက်ရေး အထူးတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်သူရိန်က "တိုက်ပွဲဖြစ်တာနှစ်ကြိမ် နေ့လယ်ပိုင်းနဲ့ညနေပိုင်းပါ။ စစ်တပ်ဘက်က သေတာကို ဖရဲသီးအတည်ပြုပါတယ်။ ဒဏ်ရာရတဲ့သူတွေလည်း များပါတယ်။ ခုပေါင်းတိုက်တဲ့ ငါးဖွဲ့လုံး ကျည်တတောင့်မှ မရှိကြတော့ပါဘူး၊ အဲ့တော့ ကျည်လိုအပ်နေပါတယ်။ ကျည်တတောင့် ၁၃,၅၀၀ ဖြစ်နေပါတယ်။ ဂန်းရှိပြီး ကျည်မရှိတော့ တုတ်ထမ်းထားရသလို လေးတာပဲ အဖတ်တင်ပါမယ်၊ ကျည်သာပေးကြပါ၊ ကျုပ်တို့ အသက်ပေးပါ့မယ်၊ မိဘပြည်သူတွေ ဝိုင်းကူပေးဖို့ မျှော်လင့်ပါတယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။

ဆက်လက်ပြီး နေ့လယ် ၂ နာရီလောက်က စတင်ကာ ဆားလင်းကြီးမြို့ နယ်နိမိတ်မှာပဲရှိနေတဲ့ စစ်တပ်ရေယာဥ်တွေကို မြစ်ကမ်းဘေးတနေရာကနေ ထပ်မံတိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၂ နာရီလောက် ထပ်မံဖြစ်ပွားခဲ့ပြီး တိုက်ပွဲနှစ်ကြိမ်စလုံး လက်နက်ကြီး၊ လက်နယ်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်ခဲ့ကြတာလို့ ဒေသကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။

စစ်ကောင်စီဘက်ကလည်း စစ်သင်္ဘောပေါ်ကနေ စက်လတ်၊ မော်တာ၊ ၆ဝ မမ၊ RPG တွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့ပြီး ညနေပိုင်းမှာတော့ မုံရွာဇက်ဆိပ်ကို ရောက်ရှိသွားခဲ့ကာ သေဆုံးသူတွေနဲ့ ဒဏ်ရာရစစ်သားတွေကို ကျန်းမာရေးကားတွေနဲ့ သယ်ထုတ်သွားခဲ့ကြောင်း Hero Fighter(Salingyi) တိုက်ခိုက်ရေးအထူးတပ်ဖွဲ့ခေါင်းဆောင်ဗိုလ်သူရိန်က ပြောပါတယ်။

စစ်ကောင်စီဘက်က သေဆုံးတာတွေနဲ့ပတ်သက်ပြီး DVB အနေနဲ့သီးခြားအတည်မပြုနိုင် သေးသလို စစ်ကောင်စီတပ်ဖွဲ့ပြန်ကြားရေးဘက်ကလဲ သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

တိုက်ပွဲအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး (မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ပြီး တိုက်ပွဲတွေကိုတော့ Hero Fighter (Salingyi) တိုက်ခိုက်ရေးအထူးတပ်ဖွဲ့၊ Chindwin Dynamite (Salingyi)၊ Fighter 9 Force (Salingyi)၊ တောင်ပံနီပြောက်ကျားတပ်ဖွဲ့၊ Monywa Underground Guerrilla Force (MUGF) တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာပါ။

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာတော့ ဩဂုတ် ၁ လအတွင်း စစ်ကောင်စီတပ်ဖွဲ့ ဒေသခံကာကွယ်ရေးပူး ပေါင်းတပ်တွေကြား တိုက်ပွဲပေါင်း ၁၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ် ၁၀ ရက်က စက္ကန့်ရွာအနီး တိုက်ပွဲကစတင်ပြီး သာစည်ရွာတိုက်ပွဲပြီးတဲ့အထိ တိုက်ပွဲပေါင်း ၁၇ ကြိမ် ဖြစ်ပွားခဲ့ကာ စစ်ကောင်စီက လေကြောင်းပစ်ကူတွေလည်း အသုံးပြုခဲ့ပါသေးတယ်။

အဲဒီတိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီဘက်က ၁၅ ဦး ဝန်းကျင်ကျဆုံးခဲ့ပြီး AK47 သေနတ်တလက် အပါအဝင် လက်နက်အချို့ကိုလည်း သိမ်းဆည်းရမိခဲ့ကာ ဒေသခံကာကွယ်ရေးတပ်ဘက်ကတော့ လက်နက်ကြီးထိမှန်ပြီး တိုက်ပွဲတွင်း ထိခိုက်ဒဏ်ရာရရှိသူ ၃ ယောက်ဝန်းကျင်သာ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ကလေး PDF တပ်ဖွဲ့ဝင်တဦးက "စစ်ရေးအခြေအနေရဆိုရင် ကလေးနယ်က တော်တော်ပြင်းထန်လာတဲ့ အခြေအနေလို့ ပြောလို့ရတယ်။ သာစည်တိုက်ပွဲမှာဆို ကျနော်တို့ဘက်က လက်နက်အင်အားမမျှတော့ နောက်ဆုတ်ခဲ့ရတာ။ ကလေးမြို့ကို စိုးမိုးနိုင်ဖို့ ကျနော်တို့တပ်ရင်း တပ်ဖွဲ့တွေနဲ့အတူ များများပါဝင်ပူးပေါင်းကူညီပေးကြပါ လို့ပြောချင်တယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။

ဩဂုတ်လအတွင်းမှာ ကလေးမြို့နယ်မှာ စစ်ကောင်စီရဲ့ ပစ်ခတ်သတ်ဖြတ်မှု‌ကြောင့် အရပ်သား ၆ ဦး သေဆုံးပြီး ၁၀ ယောက်ကျော် ဒဏ်ရာရရှိခဲ့သလို စစ်ကောင်စီက သာစည်ရွာတိုက်ပွဲအတွင်းမှာ ဓာတုလက်နက်ကြီးလို့ ယူဆရတဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013