ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ ထိပ်တိုက်တွေ့ဆုံတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က သေဆုံးနှုန်းများလာတာကြောင့် စိတ်ဓာတ်မြင့်မားရေးနဲ့စိတ်ခွန်အား ရစေဖို့ TikTok ပြိုင်ပွဲ ပြုလုပ်မယ်လို့ သိရပါတယ်။
ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးရုံးက ပြီးခဲ့တဲ့ သြဂုတ်လအတွင်း ပြည်နယ်နဲ့ တိုင်း အသီးသီးမှာရှိတဲ့ တပ်နယ်တွေကို လျှို့ဝှက်စာပေးပို့ခဲ့တာဖြစ်တယ်လို့ တပ်နယ်တခုက အရာရှိတယောက်က ဒီဗွီဘီ ကိုပြောပါတယ်။
"လုပ်တာကတော့ ဗိုလ်ချုပ်ဇော်မင်းထွန်း ဦးဆောင်မှာ။ သူက စိတ်ဓာတ်စစ်ဆင်ရေးမှာ ညွှန်ကြားရေးမှူးပဲ။ အရာရှိ စစ်သည်တွေလည်း ဝင်ပြိုင်လို့ရတယ်။ ဒီလ ၅ ရက် နေ့ နောက်ဆုံးပဲ" လို့ ပြောပါတယ်။
ပြိုင်ပွဲဝင် အရာရှိ၊ စစ်သည်တွေအနေနဲ့ ကိုယ်ပိုင်နံပါတ်၊ ဖုန်း၊ viber ဖုန်းနံပါတ် စတာတွေ လျှို့ဝှက်ပေးပို့ရမှာဖြစ်ပြီး အောင်ပွဲရ ပြန်လာတဲ့ပုံစံ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ လူထုအပေါ်ထားတဲ့ စေတနာတွေကို ပြည်သူတွေကိုသိရှိပြီး NUG၊ PDF နဲ့ အဝေမတည့်မှု၊ သတ်ဖြတ်မှုတွေကို မြင်သာအောင် ပြိုင်ရမှာဖြစ်တယ်လို့ မင်္ဂလာဒုံတပ်နယ်မှာနေတဲ့ စစ်မှုထမ်းဟောင်းတယောက်က ဒီဗွီဘီကို ပြောပါတယ်။
"Facebook နဲ့ TikTok မှာ စက်တင်ဘာ ၃ ရက်က စပြိုင်ရမှာ။ အဓိက က တပ်ကို ပြည်သူတွေချစ်ပြီး PDF တွေကို မုန်းသွားအောင် အဓိက ရည်ရွယ်တာ။ နောက်တခုက ရှေ့တန်းမထွက်ချင်တဲ့ စစ်သားတွေလည်း စစ်တိုက်ထွက်ချင်လာအောင် ဆော့ပြရမှာ" လို့ ပြောပါတယ်။
လူမှုကွန်ရက်စာမျက်နှာမှာ Like အများဆုံးရရှိသူကို ပထမဆု ကျပ်တသိန်း၊ ဒုတိယဆု ၅ သောင်း၊ တတိယဆု ၃ သောင်း၊ နှစ်သိမ့်ဆု ၁ သောင်း ပေးသွားမယ်လို့ လျှိုဝှက်ပေးပို့တဲ့ စာမှာ ဖော်ပြထားပါတယ်။
ပြိုင်ပွဲဝင်တယောက်ဟာ Tiktok ဗီဒီယိုအတို ၃ ခုအထိ ပေးပို့နိုင်ပြီး ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဇော်မင်းထွန်းက စိစစ် အမှတ်ပေး အကဲခတ်ဖြတ်သွားမှာဖြစ်ပြီး ဆုရွေးချယ်ရာမှာတော့ ဗိုလ်ချုပ်မှူး ကြီးမင်အောင်လှိုင်နဲ့ အဖွဲ့က ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။