
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အင်းတော်မြိုနယ်၊ မော်တိတ်ကျေးရွာနားမှာ စစ်တပ်နဲ့ ကျောင်းသားတပ်မတော် ABSDF တို့ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ဗိုလ်ကြီး ၁ ယောက် အပါအဝင် အယောက် စစ်သား ၃၀ ထက်မနည်း ထိခိုက်သေဆုံးခဲ့တယ်လို့ ABSDF မြောက်ပိုင်းက ထုတ်ပြန်ပါတယ်။
ABSDF သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူက “၂၇ ရက်နေ့ ထိတွေ့တိုက်ပွဲမှာ ရန်သူ့ဘက်က ၄ ကောင်ဝန်းကျင် ဒဏ်ရာရ သေဆုံးခဲ့ပြီး အဲဒီအထဲမှာ ၃ ပွင့် အရာရှိ အဆင့်ပါတယ်လို့ ဖရဲသီးဆီက သတင်းရခဲ့ပါတယ်။ ၂၈ ရက်နေ့ ထိတွေ့တိုက်ပွဲက အလွန်အမင်း ပြင်းထန်ခဲ့ပြီး သေဆုံးဒဏ်ရာရတဲ့သူ ၂၇ ကောင်ထိရှိတယ်။ ကျနော်တို့ ABSDF ဘက်က ရဲဘော် ၁ ယောက် သေဆုံးခဲ့ပြီး ၁ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်” လို့ ပြောပါတယ်။
အဲဒီတိုက်ပွဲကြောင့် မော်တိတ်ကျေးရွာနဲ့ အနီးအနားကျေးရွာတွေက ဒေသခံ ပြည်သူ ၆၀၀၀ ကျော် စစ်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြပြီး စစ်တပ်လှုပ်ရှားမှုတွေကို ABSDF မြောက်ပိုင်းရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ လာရောက်ပေးပို့ကြဖို့လည်း ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာ ၂ ရက်နေ့ကတော့ အကြမ်းဖက်စစ်တပ်က အင်းတော်မြို့တွင်းနဲ့ ဗန်းမောက်လမ်း အထွက်ဘက်က ရွှေအင်းတော်ဟိုတယ်ရှေ့၊ ပညာရေးမှူးရုံးရှေ့တို့ကနေ တနေကုန်နီးပါး လူငယ်လူရွယ်တွေကို အဓိကထားပြီး ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသတွင်းတော်လှန်ရေးအဖွဲဝင်တယောက်က “အခုနောက်ပိုင်း ဖုန်းကိုစစ်တယ်၊ မက်ဆေ့တွေ စစ်တယ်။ အသက် ၂၀ ကျော်လူငယ်တွေကို အဓိကထားပြီး မှတ်ပုံတင်တွေပါ စစ်ဆေးတယ်။ မှတ်ပုံတင်မပါရင် ဖမ်းဆီးတာတွေ လုပ်နေပါတယ်။ ပြည်သူတွေ အသွားအလာဂရုစိုက်ကြပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။
စက်တင်ဘာ ၁ ရက်နေ့ကလည်း ဝန်းသို စစ်တပ်ဘက်ကလာတဲ့ အင်အား ၈၀ ဝန်းကျင်ပါတဲ့ စစ်သားနဲ့ ပျူစောထီးတွေ ကမ်းနီရွာထိပ်ကို ရောက်ရှိလာပြီး လမ်းမှာတွေ့သမျှ ပြည်သူ ၃၀ ဝန်းကျင်ကို လူသားဒိုင်းအဖြစ် ဓားစာခံလုပ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ အင်းတော်မြို့နယ် တော်လှန်ရေးအင်အားစုက ဆိုပါတယ်။










