DVB Logo
Home
မြန်မာသတင်း
ယင်းမာပင်၊ ရေဦးနှင့် ခင်ဦးမြို့နယ်က စစ်ဘေးရှောင်များ စားဝတ်နေရေး အခက်ကြုံ
DVB
·
September 3, 2023
ယင်းမာပင်၊ ရေဦးနှင့် ခင်ဦးမြို့နယ်က စစ်ဘေးရှောင်များ စားဝတ်နေရေး အခက်ကြုံ
Donate to DVB

စစ်ကိုင်းတိုင်း၊ ယင်းမာပင်၊ ရေဦးနဲ့ ခင်ဦးမြို့နယ်တွေမှာ စစ်ကောင်စီတပ်က ၆ ရက်ဆက်တိုက် စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး ထောင်နဲ့ချီတဲ့ပြည်သူတွေ ဘေးလွတ်ရာထွက်ပြေးနေရပြီး စားဝတ်နေရေးအခက်အခဲကြုံတွေ့နေရပါတယ်။

ဆိုပါမြို့နယ်တွေမှာ စစ်ကောင်စီတပ်က ဩဂုတ် ၂၈ ရက်ကစပြီး ခြေလျင်စစ်ကြောင်း ဆက်တိုက်ဝင်နေတာကြောင့် ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွား နေတာပါ။

ယင်းမာပင်မြို့နယ်ထဲက စစ်ဘေးရှောင်တချို့ကတော့  ဩဂုတ်လဆန်းကတည်းက ရွာတွေကို စွန့်ခွာထွက်ပြေးနေရတာဖြစ်ပြီး အချိန်တလကြာတဲ့အထိ နေရပ်မပြန်နိုင်သေးဘဲ စားဝတ်နေရေးအခက်အခဲ ကြုံနေရပါတယ်။

ယင်းမာပင်နယ်ခံအမျိုးသမီးတဦးက "ခုထိရွာပြန်လို့မရသေးဘူး။ တလကျော်သွားပြီ ရွာပြန်ဖို့ ကလည်း စဉ်းစားလို့ ကိုမရသေးတာ၊ စစ်ကောင်စီက ရွာမှာပဲ အထိုင်ချနေတာ၊ ရွာဝင်လိုက်ရင်ပစ်သတ်တာ။ ဟိုတနေ့ကလည်း ကျွဲခိုးပြီးပြန်တဲ့ ကောင်မလေးတယောက်ကို ပစ်သတ်လိုက်တာ။ ၁၅ ရွာလောက် အခက်အခဲကတော့ကြုံတာ။ ဒီမယ် စောင်မပါဘာမပါနဲ့၊ ပြေးလွှားနေရတာ၊ လူမမာတွေရောဘာတွေရော လူကြီးတွေရော ဒုက္ခတွေရောက်နေကြတာ။ အေးချမ်းတဲ့ရွာတွေလည်း မီးတွေရှို့၊ ကိုယ့်ရွာကိုယ်လည်းပြန်မကြည့်ရဲဘူး။ ပြန်ကြည့်တော့လည်း သတ်လိုသတ်နဲ့ ရက်ရက်စက်စက်လုပ်တာ”လို့ ပြောပါတယ်။

ရေဦးမြို့နယ်တိုင်းရင်းဆေးရုံကနေ ဩဂုတ် ၂၈ ရက်နေ့က စထွက်လာတဲ့ စစ်ကြောင်းဟာ ခင်ဦးနဲ့ ရေဦးမြို့နယ် ရထားလမ်းတလျှောက်နဲ့ မူးမြစ်ရိုးတလျှောက်ကျေးရွာတွေကို လက်ရှိအချိန်အထိ ဆက်တိုက်ဝင်ရောက်ပစ်ခတ်ခြိမ်းခြောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခင်ဦးမြို့နယ်တခုတည်းမှာပဲ စစ်ရှောင်ပြည်သူ ၈၀၀၀ ထက်မနည်းရှိနေတာပါ။ စက်တင်ဘာ ၁ ရက်နေ့က ခင်ဦးမြို့နယ်တောင်ခြမ်း လက်ပံလှရွာအနောက်ဘက်မှာ အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကြောင်းနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေ ထိတွေ့ခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ယောက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခင်ဦးနယ်ခံအမျိုးသမီးတဦးက "သူတို့စစ်ကြောင်းထိုးလာတဲ့အချိန် ပြေးရတဲ့ရွာတွေကလည်း မနည်းဘူး။ တဲစု၊ မြင်းဒေါင်း၊ မကျည်းအုန်း၊ သာဂရ၊ ဘတ်အိုး၊ မြစ်တော်၊ အင်တိုင်းလေး၊ ကံသာယာ၊ အဲ့ရွာတွေအကုန်လုံး စစ်ရှောင် စစ်ပြေးရတယ်ပေါ့နော်။ မိုးတွေလည်းတအားရွာတယ်၊ လမ်းကလည်းမကောင်းတော့ တအားဒုက္ခရောက်တယ်။ လောင်းရှည်ရွာမှာ စာသင်ကျောင်း ကျောင်းဆောင်တဆောင် မီးရှို့ထားခဲ့တယ်။ ပြည်သူတွေနေအိမ်ထဲက ပစ္စည်းတွေကိုလည်း ခိုးယူသွားတာတွေရှိတယ်။ ပြည်သူတွေရဲ့နေအိမ်တွေကို မီးရှို့တာလည်း ဒုတိယအကြိမ်ဖြစ်တယ်။ သူတို့ရဲ့ခွေးသေတွေကို နေအိမ်တွေထဲထည့်ပြီးတော့ မီးရှို့သွားတာတွေလည်းရှိပါတယ်”လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းမှာ လတ်တလော စစ်ကြောင်းထိုးခံရတာကြောင့် ထွက်ပြေးရတဲ့ပြည်သူ ၅၀၀၀၀ ထက်မနည်းရှိနေပြီး ရေဦး၊ ခင်ဦး၊ ဒီပဲယင်း၊ ဆားလင်းကြီး၊ ယင်းမာပင် ၅ မြို့နယ်မှာ အဆိုးဆုံးဖြစ်နေတယ်လို့ စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်တာဝန်ရှိသူ ကိုစိုးဝင်းဆွေက ပြောပါတယ်။

"ကျနော်တို့ဆီမှာ တကယ်ဒုက္ခရောက်နေကြတယ်။ ခံနေရတယ်ဆိုတာ မှန်တယ်ဗျ။ သို့သော်ဒါတွေကို နိုင်ငံတကာသိအောင် တင်ပြပုံ တင်ပြနည်းလမ်းတွေပေါ့ ဒါတွေ ကောင်းမွန်ဖို့လိုမယ်ထင်တယ်။ စနစ်တကျ မှတ်တမ်းတင်တာတွေလည်း ဒီ့ထက် ပိုအားကောင်းမောင်းသန်ဖြစ်ဖို့လိုမယ်ထင်တယ်ဗျ။ နိုင်ငံတကာမှာလည်း ပေးချင်တဲ့သူတွေ ရှိတယ်။ ပေးချင်သူနဲ့ လိုအပ်နေသူတွေကြားထဲမှာ တော်လှန်ရေးသမားတွေက ပေါင်းကူး ပေးနိုင်ဖို့လိုမယ်။ ဒီတံခါးချပ်ကို ဖွင့်ပေးနိုင်ဖို့ လိုမယ်ပေါ့ဗျာ ကျနော်တို့က တော်လှန်ရေးတလျှောက်လုံးမှာ ပြည်သူတွေ တော်လှန်ရေးကြီးကို ကူညီပေးကြပါဆိုတဲ့ဟာမျိုး ဆော်ဩခဲ့ကြတာပေါ့။ ဒါပေမဲ့ တော်လှန်ရေးသမားတွေကရော ပြည်သူတွေ တောင့်ခံနိုင်အောင်ဘယ်လိုကူကြမလဲဆိုတာလည်း အလေးအနက်စဉ်းစားကြဖို့လိုတယ်ဗျ။"

လက်ရှိအချိန်အထိ စစ်ကြောင်းအနေအထားအရ ခင်ဦးနယ်တောင်ဘက်ခြမ်းက လောင်းရှည်၊ လက်ပံလှ၊ ရွာသန်း၊ ပေါက်တုံ၊ ကျီးကန်၊ ရေအေးကုန်း စတဲ့ကျေးရွာတွေက ရွာသားတွေဟာ ဦးတည်ရာမှာ ထွက်ပြေးနေရပါတယ်။ 

လတ်တလောအခြေအနေတွေအရ ရေဦး၊ ခင်ဦး၊ ဒီပဲယင်း၊ ဆားလင်းကြီး၊ ယင်းမာပင် ၅မြို့နယ်မှာ စစ်ဘေးသင့်ပြည်သူအများဆုံးဖြစ်နေပြီး စားဝတ်နေရေး၊ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အရေးပေါ်လိုအပ်နေပါတယ်။

အမျိုးသမီး၊ ကလေးနဲ့ သက်ကြီးရွယ်အိုတွေက စစ်ဘေးဒဏ်ကို အဆိုးဆုံးရင်ဆိုင်နေရတာဖြစ်ပြီး စစ်ရှောင်အရေအတွက်ဟာ တနေ့တခြားပိုများလာဖို့ပဲရှိတယ်လို့ ဒေသခံအရပ်ဖက်အဖွဲ့တွေက ပြောပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013