DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ဘက် ထွက်ပြေးခိုလှုံလာသည့် ကရင်နီ စစ်ရှောင်အချို့ နေရပ်ပြန်
DVB
·
September 3, 2023
ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ဘက် ထွက်ပြေးခိုလှုံလာသည့် ကရင်နီ စစ်ရှောင်အချို့ နေရပ်ပြန်
1 / 6
Donate to DVB

မြန်မာနယ်စပ် ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်မှာလာရောက် စစ်ဘေးရှောင်နေကြရတဲ့ ကရင်နီ စစ်ဘေးဒုက္ခသည်တချို့  စက်တင်ဘာ ၂ ရက်နေ့က နေရပ်ပြန်သွားကြပါတယ်။

ကယားပြည်နယ်၊ မယ်စဲမြို့နယ်အတွင်း ပြီးခဲ့တဲ့ ဇွန် ၁၃ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ကရင်နီဒုက္ခသည်တွေ ထောင်နဲ့ချီပြီး  မယ်ဟောင်ဆောင်ခရိုင် မယ့်စရင်းယမ်းမြို့နယ် ဆောင်ဟီကျေးရွာကို  ရောက်ရှိ ခိုလှုံနေကြတာပါ။

စက်တင်ဘာလ ၂ ရက်နေ့မှာတော့ ဆောင်ဟီကျေးရွာအနီးရောက်ရှိခဲ့တဲ့ စစ်ရှောင်တွေထဲက အယောက်   ၇၀ ကျော် မိမိဆန္ဒအလျောက်ပြန်သွားကြာလို့ ထိုင်းအာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။

ထိုင်းအာဏာပိုင်တွေရဲ့ ဖိအားပေးမှုကြောင့် ဒုက္ခသည်တချို့ နေရပ် ပြန်သွားကြရတာလို့ ဆောင်ဟီကျေးရွာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရသူတဦးက ပြောပါတယ်။

“ပြောပုံအရတော့ အကုန်တော့ ပြန်ရမယ်။ ဒါပေမဲ့ တခါတည်းအကုန်ပြန်ရမှာမဟုတ်ဘူး။ ဆောင်ဟီမှာက စခန်း ၁က နေ ၁၀ အထိ အစုဖွဲ့ထားပေးတယ်။ အထဲကနေ ရောက်လာတဲ့ စစ်ရှောင်စခန်းထဲက လူရှိတယ်။ မြို့ပေါ် ဟိုစဲ၊ မယ်စဲက လူတွေရှိတယ်ဆိုတော့ အရင်ဆုံးပြန်ရမှာ။ နဂိုဟိုဘက် စခန်းမှာနေခဲ့တဲ့လူတွေပေါ့။ အခု အရင်ပြန်ခိုင်းတာက စခန်း ၅ က ထင်တယ်။ သူတို့ပြန်မယ်ဆိုရင်လည်း ဟိုဘက်မှာ နေရာထိုင်ခင်းလည်း ရှိဖို့လိုတော့ ဟိုဘက်မှာ သူတိုပြန်ရင် နေဖို့အတွက်အထဲမှာ တဲတွေဘာတွေ လုပ်ထားပေးတဲ့လူတွေတော့ ရှိမယ်ထင်တယ်။”

ကရင်နီပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား  ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ၂၀၂၁ ခုနှစ်ကုန်ပိုင်းကတည်းက ကရင်နီ(ကယား)ပြည်နယ်အသီးသီးက စစ်ရှောင်တွေဟာ မယ်စဲမြို့နယ် ထိုင်းနယ်စပ်က နေရာတွေက စစ်ရှောင်စခန်းတွေမှာ ရောက်ရှိခိုလှုံခဲ့ကြပါတယ်။

အခု ၂၀၂၃ ခု ဇွန်လ ၁၃ ရက်နေ့မှာတော့  မယ်စဲမြို့နယ်မှာ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားတာကြောင့် မယ်စဲမြို့နယ်ကဒေသခံတွေအပါဝင် မြို့နယ်တွင်း ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ရှောင်တွေလည်း ထိုင်းနယ်စပ် မယ့်ဟောင်ဆောင် ခရိုင်ထဲကို ကစဉ့်ကလျားနဲ့ ရောက်ရှိလာကြတာပါ။

ဇွန်လက ဖြစ်ပွားတဲ့တိုက်ပွဲကြောင့် မယ့်ဟောင်ဆောင်ခရိုင် ထဲရောက်ရှိလာတဲ့ စစ်ရှောင် ၉၀၀၀ ကျော်ရှိနေပြီး  မယ့်စရင်းယမ်းမြို့နယ် ဆောင်ဟီကျေးရွာအနီးတဝိုက်မှာ‌တော့ လူပေါင်း ၃၈၀၀ လောက် ရောက်ရှိ ခိုလှုံနေရတယ်လို့ ကူညီကယ်ဆယ်ပေးသူတွေဆီက သိရပါတယ်။

လက်ရှိ မယ်စဲမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပေမယ့် ပြန်သွားသူတွေဟာ သူတို့အရင်နေခဲ့တဲ့  စစ်ရှောင်စခန်းတွေမှာပဲ ပြန်ပြီးခိုလှုံနေကြရတယ်လို့ဆိုပါတယ်။

“မယ်စဲဘက်မှာလည်း ဒီဘက်မလာဘဲ မယ်စဲဘက်ရှောင်နေတဲ့လူတွေလည်းရှိတာပေါ့နော်။ အဲဒီဘက်မှာပဲ ပြန်သွားပေါင်းတဲ့ သဘော။ အထဲမှာရှောင်နေတဲ့စခန်းမှာ ပြန်သွားပေါင်းတာမျိုး ပြန်ဖြစ်သွားမယ်။ မယ်စဲဘက်က တိုက်ပွဲတော့မငြိမ်းသေဘူး။ လေယာဉ်နဲ့ တောက်လျှောက်ပဲ ပစ်နေတယ်။ ဒါပေမဲ့ ထိုင်းဘက်ကမှ လက်မခံတာ။ ထိုင်းအာဏာပိုင်တွေအပေါ်မှာ အများကြီးမူတည်တာပေါ့။ သူတို့က ပြန်ပို့တယ်ဆိုတော့ ဒီဘက်လည်း ဘယ်လိုမှ မတတ်နိုင်တာ။ အဲတော့ နိုင်ငံတကာကလည်းဒါကို အော်ဖို့ လိုသလို  ထိုင်းဘက်က လူ့အခွင့်အရေးလှုပ်ရှားတဲ့သူတွေလည်း များများလှုပ်ရှားပေးနိုင်ရင်တော့ ကောင်းတာပေါ့။”

ပြီးခဲ့တဲ့ ဇွန် ၁၃ ရက် ကစပြီး မယ်စဲ့မြို့နယ်ရဲစခန်းနဲ့ စစ်ကောင်စီရဲ့တပ်စခန်း ၃ ခုကို ကရင်နီပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နောက်ဆက်တွဲအနေနဲ့ မယ်စဲ့မြို့ စစ်ရှောင်ဒေသခံတွေအပါအဝင် ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲမြို့နယ်ကနေ  စစ်ဘေးရှောင်လာကြတဲ့သူတွေ ၅၀၀၀ ဝန်းကျင်ဟာ နီးစပ်ရာ ထိုင်းနိုင်ငံနဲ့ နယ်စပ်တွေမှာ စစ်ရှောင်ခဲ့ရတာ ဖြစ်ပါတယ်။

ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ရှောင်တွေဟာ တောတောင်ထဲမှာပဲ ခိုလှုံနေထိုင်နေကြရပြီး လက်နက်ကြီးနဲ့ လေယာဉ်ပစ်ခတ်မှာကို စိုးရိမ်ထိတ်လန့်နေ ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013