Home
မြန်မာသတင်း
ဘုတလင်တွင် စစ်တပ်က ဧည့်စာရင်းစစ်ပြီး ငွေတောင်းနေ
DVB
·
September 2, 2023

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကောင်စီတပ်က ဧည့်စာရင်းစစ်ဆေးပြီး ငွေတောင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၁ ရက်နေ့ မနက် ၂ နာရီမှာ ဧည့်စာရင်းစစ်ခဲ့သလို အခု စက်တင်ဘာ ၂ ရက်နေ့ မနက် ၂ နာရီမှာလည်း ထပ်စစ်ခဲ့တာဖြစ်ပါတယ်။

ဒေသခံတယောက်က “မနေ့ မနက် ၂ နာရီက သပြေပင်ရွာထဲ ဝင်စစ်တယ်ဗျ။ ဘာစစ်တာလဲမေးတော့ ဧည့်စာရင်းစစ်တာလို့ပြောတယ်။ ဘာမှစစ်ဆေးတာ မတွေ့ဘူးဆိုရင် ပိုက်ဆံတောင်းတာတွေလည်းရှိတယ်ဗျ။ မပေးနိုင်တဲ့အိမ်ဆိုရင် ဖမ်းသွားမယ်။ အဲလိုဖမ်းသွားပြီး မနက်ရောက်ရင် ဘုတလင်ရဲစခန်းထဲလာပြီး အချုပ်သားကိုရွေးမလား၊ အခုငွေပေးလိုက်မလား ဒါဘဲပြောလို့ စစ်ကောင်စီ တပ်သားတွေက ခြိမ်းခြောက်တယ်။ ပြည်သူကတော့ဗျာ ကြောက်တော့ မပေးဘဲ ဘယ်နေရဲမလဲဗျ၊ ပေးရတာပေါ့” လို့ ပြောပါတယ်။

ကျပ် ၅ သောင်းပေးလိုက်ရတဲ့သူတွေရှိသလို တချို့ကတော့ ကျပ်သိန်းဂဏန်းအထိ ပေးလိုက်ရတယ်လို့ သူက ပြောပါတယ်။

စက်တင်ဘာ ၂ ရက်နေ့ မနက်အစောပိုင်းမှာတော့ စစ်ကောင်စီတပ်နဲ့ သူ့အပေါင်းအပါတွေဟာ ဘုတလင်အရှေ့တောင်ခြမ်း မြဝတီရပ်ကွက်မှာ ဧည့်စာရင်းစစ်ခဲ့ပါတယ်။

ဒေသခံတယောက်က “ဘာကြောင့် အဲလိုစစ်တာလဲဆိုတော့ အကိုရာ သူတို့ အောက်ဆိုက် ငွေရှာတာလို့ပဲ ပြောရမယ်။ မ‌နေ့ သပြေပင်ရွာကတော့ ပိုက်ဆံမပေးနိုင်လို့ တယောက် အဖမ်းခံထားရတာတော့ရှိတယ်။ သူဖမ်းပြီးရင်တော့ ပုဒ်မအမျိုးမျိုးတပ်ပြီး အထက်လူကြီးတွေကိုလိမ်ပြီး ထောင်ချကြမယ်လိုတော့ ထင်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပြည်သူ့ကာကွယ်ရေးတပ်တွေ မြို့ထဲကို ဝင်ရောက် တိုက်ခိုက်လာမယ်ဆိုတဲ့ သတင်းအမှားတွေရပြီး အခုလို ညပိုင်းဧည့်စာရင်းစစ်တာတွေ လုပ်နေတာဖြစ်မယ်လို့ ဒေသခံတွေက သုံးသပ်ပါတယ်။

နေ့ခင်းပိုင်းတွေမှာလည်း ဘုတလင်မြို့လယ်ခေါင် ဗန္ဓုလကြေးရုပ်အနီး ရေဦး-ဘုတလင်-မုံရွာသွားလမ်းနဲ့ ကနီ-ဘုတလင်-မုံရွာသွား လမ်းဆုံမှာ စစ်ကောင်စီက စစ်ဆေးတာတွေပြုလုပ်ပြီး ခရီးသွားကားတွေနဲ့ ခရီးသွားပြည်သူတွေဆီကနေ ငွေကြေးကောက်ခံတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024