Homeမြန်မာသတင်း ရန်ကုန်တွင် လူငယ်များကို ဧည့်စာရင်းအကြောင်းပြဖမ်းဆီးမှု ခပ်စိပ်စိပ် ပြန်လုပ်လာ
ရန်ကုန်မြို့မှာ လူငယ်တွေကို ပစ်မှတ်ထားပြီး ဧည့်စာရင်းအကြောင်းပြ ဖမ်းဆီးတဲ့ဖြစ်ရပ်တွေ ခပ်စိပ်စိပ်ပြန်တွေ့လာရတယ်လို့ မြို့ခံပြည်သူတွေနဲ့ စစ်အုပ်စုရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေသူတွေက ပြောပါတယ်။
ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ စောင့်ကြည့်သတင်းပေးပို့တာကို အခြေခံပြီး လူငယ်တွေ နေထိုင်တဲ့ နေအိမ်၊ တိုက်ခန်းတွေကို ညအချိန် ဝင်ရောက်စစ်ဆေး ဖမ်းဆီးခေါ်ဆောင်သွားတာမျိုးတွေ ရှိနေတာလို့ ဆိုပါတယ်။
အခုရက်ပိုင်းမှာ စစ်အာဏာရှင်ရဲ့ နယ်မြေခံ စစ်တပ်နဲ့ ရဲတွေက ရပ်ကွက်တွေထဲ ဝင်ရောက်စစ် ဆေးတာတွေ ပိုတွေ့လာရတာကြောင့် သတိနဲနေထိုင်နေရတယ်လို့ သင်္ဃန်းကျွန်းမြို့နယ်၊ ဗိုလ်ကံညွန့်ရပ်ကွက်မှာ နေထိုင်သူတယောက်က ပြောပါတယ်။
“စစ်ချင်တဲ့နေရာ တန်းဝင်စစ်တာဆိုတော့ သတင်းပေးထားတာရှိလို့ပဲ ဖြစ်မှာ။ ဒီမှာဧည့်စာရင်းမတိုင်တဲ့ ကောင်လေးတယောက် ပါသွားတယ်ကြားတယ်။ တခြားရပ်ကွက်က အသိတယောက်က သူတို့ရပ်ကွက်လည်း ဝင်တယ်ပြောတယ်၊ ပါသွားတဲ့သူရှိမရှိတော့မသိဘူး။”
အဲဒီလို ဧည့်စာရင်းအကြောင်းပြပြီး စစ်ဆေးဖမ်းဆီးတာတွေကို စမ်းချောင်းနဲ့ ကမာရွတ်နဲ့ လှိုင်မြို့နယ်တွေမှာလည်း ကြုံနေရတယ်လို့ အဲဒီမှာနေထိုင်သူအချို့က ဆိုပါတယ်။
ဖမ်းဆီးစစ်ဆေးခံရသူတွေထဲက ပိုက်ဆံပေးပြီး ပြန်လွတ်လာသူတွေရှိသလို အဆက်သွယ်မရတော့တဲ့ သူတွေလည်းရှိတယ်လို့ လှိုင်မြို့နယ်မှာ နေထိုင်သူတယောက်က ပြောပါတယ်။
“သူငယ်ချင်းတယောက်ရဲ့ ညီဆိုရင် ညဘက်သူငယ်ချင်းတွေနဲ့ သောက်စားပြီးပြန်တာ အိမ်ပြန်ရောက်မလာဘူး။ အခုထိလည်း အဆက်သွယ်မရဘူး၊ စစ်မူထမ်းထဲ ထည့်လိုက်တာများလားလို့ ပြောနေကြတာပဲ။”
ရန်ကုန်မြို့က စစ်အုပ်စုရဲ့လှုပ်ရှားမှုအခြေအနေကို စောင့်ကြည့်သတိပေးနေတဲ့ Rangoon Scout Network (RSN) အဖွဲ့ကလည်း မေ ၂၁ ရက်ညက တောင်ဥက္ကလာပမြို့ နယ်၊ အမှတ် ၈ ရပ်ကွက်၊ စက်မူဇုန် ၃ လမ်းထိပ် ကွမ်းယာဆိုင်မှာ ထိုင်နေသူတယောက်ကို အရပ်ဝတ်နဲ့ လူတစုက ကားပေါ်ဆွဲတင် ဖမ်းဆီးခေါ်သွားတယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
အလားတူ မေ ၁၉ ရက်ကလည်း တောင်၊ မြောက်လမ်းဆုံအနီး ကားမှတ်တိုင်မှာ ယောကျ်ားလေးတယောက်ကို အရပ်ဝတ်လူ ၃ ယောက်က အိမ်စီးကားပေါ်ဆွဲတင်သွားတဲ့ ဖြစ်ရပ်ရှိခဲ့ကာ လက်ရှိ ရန်ကုန်မြို့မှာ တယောက်တည်းရှိနေတဲ့ လူငယ်တွေ ဖမ်းဆီးခံရတာ၊ ဧည့်စာရင်းအကြောင်းပြဖမ်းဆီးတာတွေ ခပ်စိပ်စိပ်ပြန်လုပ်လာတာကြောင့် သတိထားနေထိုင်၊ သွားလာဖို့ RSN က အကြံပြုထားပါတယ်။