DVB Logo
Home
မြန်မာသတင်း
အမျိုးသမီး ၃၄၀၀ ကျော်ကို စစ်အုပ်စုက ဖမ်းဆီးခဲ့ပြီး သတ်ခံရသူ ၆၀၀ ကျော်ရှိ
DVB
·
September 2, 2023
အမျိုးသမီး ၃၄၀၀ ကျော်ကို စစ်အုပ်စုက ဖမ်းဆီးခဲ့ပြီး သတ်ခံရသူ ၆၀၀ ကျော်ရှိ
Donate to DVB

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်း ၂ နှစ်ခွဲနီးပါးကာလအတွင်း အကြမ်းဖက်စစ်အုပ်စုက အမျိုးသမီးအယောက် ၃,၄၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး သေဆုံးသူ ၆၀၀ ကျော်လာပြီလို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ထုတ်ပြန်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ကောက်ယူထားတဲ့ အချက်အလက်တွေကို အဓိက မှီငြမ်းကိုးကား ထားတဲ့အပြင် ခိုင်လုံတဲ့ သတင်းမီဒီယာတွေက ထုတ်ဖော်ရေးသားတဲ့ သတင်းအချက်အလက်တွေအပေါ် အခြေခံပြီးတော့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ပြန်လည် စုစည်းတင်ပြထားတာ ဖြစ်ပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံရသူတွေထဲက အမျိုးသမီး ၅၇၅ ယောက်ကတော့ ပြစ်ဒဏ်ချမှတ်ခံထားရတယ်လို့ သိရပြီး လက်တွေ့မြေပြင်အခြေအနေမှာတော့ သတင်းအချက်အလက် စီးဆင်းမှုတွေမှာ စိန်ခေါ်မှုတွ ရှိတာကြောင့် လက်လှမ်းမီဖို့ အခက်အခဲတွေ ရှိနေပြီး ကိန်းဂဏန်းတွေဟာ အခုထက်ပိုပြီးတော့ များနိုင်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်းမှာလည်း ဖမ်းဆီးထိန်းသိမ်းခံထားရသူအမျိုးသမီးတွေနဲ့ သေဆုံးသူတွေ ဆက်တိုက်ရှိနေခဲ့ကာ ဩဂုတ် ၂၉ ရက်နေ့အထိ ကောက်ယူရရှိတဲ့ ကိန်းဂဏန်းတွေအရ စစ်ကိုင်း၊ တနင်္သာရီ၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးတိုင်းတွေအပါအဝင် တိုင်းနဲ့ပြည်နယ်တွေက အမျိုးသမီး ၂၄ ယောက်ထိ ဖမ်းဆီးခံခဲ့ရပါတယ်။

ဒေသအလိုက် သေဆုံးသူ အမျိုးသမီး ၁၃ ယောက်ထိ ရှိခဲ့ကာ အဲဒီထဲမှာ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရတာ၊ အဓမ္မပြုကျင့်သတ်ဖြတ်တာ၊ သေနတ်နဲ့ ပစ်သတ်တာ၊ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်သတ်ဖြတ်တာတွေအထိ ပါဝင်နေတာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတော်အာဏာကို မတရားသိမ်းယူထားခဲ့တဲ့ ၂ နှစ်ခွဲနီးပါးကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍတွေ အသီးသီးမှာ အဘက်ဘက်က ကျဆင်းယိုယွင်းနေခဲ့တာပါ။

ဒါ့အပြင် စစ်တပ်ရဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ ဗုံးကြဲမှုတွေအပါအဝင် စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နှိပ်စက်မှုတွေ၊ လိင်အ ကြမ်းဖက်မှုတွေလည်း တိုးပွားလာနေပြီး ကာလရှည်ကြာလာတဲ့ ပဋိပက္ခကြောင့် မြန်မာပြည်သူ ၂ သန်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ကုလသမဂ္ဂက နောက်ဆုံးထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013