
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ အရှေ့မြောက်ခြမ်းကကျေးရွာ ၁၅ ရွာမှာ စစ်တပ်က တပ်ဖြန့်အထိုင်ချနေတာကြောင့် ဒေသခံစစ်ဘေးရှောင်ပြည်သူတွေ နေရပ်ပြန်ဖို့ ခက်ခဲနေကြပါတယ်။
စုန်းချောင်းအုပ်စု၊ ကျောက်မှော်အုပ်စုနဲ့ ကနီမြို့နယ်ဘက်ခြမ်း နတ်လာပို့အုပ်စုက ကျေးရွာ ၁၅ ရွာဟာ ဩဂုတ် ၆ ရက်နေ့က စပြီး ဒီနေ့အထိဆိုရင် နေရပ်စွန်ခွာလာရတာ တလလောက်ကြာနေပြီဖြစ်ပါတယ်။
ဒေသခံတယောက်က “နေရပ်ဘာလို့မပြန်တာလဲဆိုတော့ စကစက ကျမတို့ ဒေသခံတွေရဲ့ ကျေးရွာ ၁၅ ရွာကို တပ်ဖြန့်ပြီး တပ်စွဲကင်းပုန်းဝပ်စောင့်တာတွေ အခုထိလုပ်နေဆဲပါဗျ။ ဘာလို့ အဲလို ပြောနိုင်တာလဲဆိုတော့ ဟိုနေ့ကလည်း စားစရာမရှိလို့ ရွာထဲ စားစရာပြန်ယူတဲ့ ဒေသခံရွာသူတယောက်ကို ပစ်သတ်ခဲ့သေးတယ်။ ဒီနေ့ စက်တင်ဘာ ၁ ရက်နေ့ နေ့ခင်းကလည်း စားစရာမရှိလို့ ရွာထဲဆန်ပြန်ယူသွားတဲ့ ပတိမ်ပြင်က ဒေသခံအမျိုးသားတယောက်ကိုလည်း စစ်ကောင်စီက ဖမ်းသွားတယ်။ သေသလား၊ ရှင်သလားတော့ အခုထိ မသိရသေးဘူး။ စစ်ဘေးရှောင်နေရတာလည်း တလနီးပါး ရှိလာပြီဆိုတော့ စားရေးသောက်တာနဲ့ နေရေးထိုင်ရေး ဆေးဝါးအကူအညီကလည်း တရက်နဲ့တရက် ခက်ခဲလာနေတယ်ဗျ” လို့ ပြောပါတယ်။
မိုးတွင်းကာလဖြစ်တာကြောင့် စစ်ရှောင်ပြည်သူတွေဟာ ရွှံ့ဗွက်တွေထဲ မိုးကာခင်းပြီး အိပ်နေရတာကြောင့် ရေရှည်မှာ ကျန်းမာရေးအတွက် စိုးရိမ်စရာဖြစ်နေပြီး တတ်နိုင်သလောက်ကူညီကြဖို့ စစ်ရှောင်တွေက ပြောပါတယ်။
စစ်ကောင်စီတပ်ကတော့ ဒေသခံတွေ ကျေးရွာထဲက ဝင်လို့မရအောင် နေ့စဉ်နေ့တိုင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ ကျေးရွာထဲကနေ ကင်းပုန်းဝပ်ချောင်းမြောင်း ပစ်ခတ်တာတွေလုပ်နေတယ်လို့ ဆိုပါတယ်။
ပြီးတော့ ဒေသခံပြည်သူတွေရဲ့ အိမ်တွေထဲက တန်ဖိုးရှိ ပစ္စည်းတွေ၊ ပရိဘောဂတွေကိုလည်း ခိုးယူပြီး ကားနဲ့သယ်ဆောင်တာတွေလည်း ပြုလုပ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။