DVB Logo
Home
Lead Story
မီးနီချိန်မှာ ရပ်နေပါ
DVB
·
September 2, 2023
မီးနီချိန်မှာ ရပ်နေပါ
Donate to DVB

မီးနီချိန်မှာ၊ စိတ်ရှည်ပါမှ

စိမ်းလာသောခါ၊ အားပါပါနှင့်

လိုရာ ခရီးဆက်နိုင်မည်။ ။

မီးပွိုင့်တစ်ခုကို မြင်ယောင်ကြည့်ပါ။ မီးနီ၊ မီးဝါနဲ့ မီးစိမ်းတို့ကို တွေ့ရပါလိမ့်မယ်။ မိမိ အိမ်ထဲနေသောအခါ မတွေ့ကြုံရပေမယ့် အပြင်ထွက်လျှင် မဖြစ်မနေ ကြုံတွေ့ရတတ်တာမျိုးပါ။ ရပ်၊ ကြည့်၊ သွား။ ရပ်ပါ။ မရပ်လျှင် ရော။ မရပ်လျှင် ဘေးဒုက္ခကြုံရနိုင်ပါတယ်။ ကြည့်။ အခြေအနေ ဘေးပတ်ဝန်းကျင် ကြည့်ပါ။ သွား။ သွားလို့ရပါပြီ။ လိုရာခရီး ထွက်ဆက်လျှောက်လှမ်းနိုင်ပါပြီ။ ခြွင်းချက်အနေဖြင့် တခါတရံ နီ၊ ဝါ၊ စိမ်း သုံးမျိုးစလုံး ပြနေတာမျိုး။ ဘာမှ မပြတာမျိုးလည်း ကြုံရနိုင်ပါတယ်။ ရှိစေ။

ဤရိုးရှင်းသော လမ်းအချက်ပြကဲ့သို့ပင် ယခုလက်ရှိအခြေအနေတွင် ကျွန်မတို့ မြန်မာလူမျိုးအတော်များများသည် ဘဝလမ်းမီးပွိုင့်တွင် မီးနီမိနေကြပါတယ်။ အချိန်မည်မျှ ကြာမည် မဆိုနိုင်သော်လည်း ကျွန်မတို့၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ဘဝတက်လမ်းများစွာ ရှေ့ဆက်မရဘဲ ရပ်တန့်နေကြရပါတယ်။ အလွန်ကံကောင်းသူများသာ ပုံမှန်ရပ်တည်နိုင်ခြင်း၊ ပိုမိုတိုးတက်အောင်မြင်ခြင်း တွေ့ကြုံရသော်လည်း မြန်မာတပြည်လုံးနှင့် နှိုင်းစာလျှင် အင်မတန်နည်းသောပမာဏပင် ဖြစ်ပါလိမ့်မယ်။

ဤသို့ နိုင်ငံရေးပယောဂကြောင့် ရှေ့ဆက်မရပဲ ခက်ခဲပင်ပန်းလာကြသောအခါ စိတ်မသက်မသာ အခြေအနေကို ခံစားလာကြရပါတယ်။ ဤအခြေအနေကို မည်သို့ ကျော်ဖြတ်ကြမည်နည်း။ ဆရာတစ်ယောက်လမ်းညွှန်ချက်နှင့် တင်ပြလိုပါတယ်။ 

မိမိဘဝသည် မီးနီမိနေသည်ကို သိပါ။ မိမိစွမ်းဆောင်ကြိုးစားခဲ့သမျှကို ဂုဏ်ယူပါ။ မီးနီမိနေသောအခါ ဇွတ်အတင်း ခရီးဆက်လျှင် ဘေးအန္တရာယ်ကျရောက်မှာ ဖြစ်ပါတယ်။ ရပ်နေခြင်းဟာ ဘေးအန္တရာယ်မှ လွတ်မြောက်နေခြင်းဖြစ်တယ်။ အချိန်ကာလတခုလွန်မြောက်လျှင် မိမိတို့၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ အခြား ဘဝတက်လမ်းများစွာကို အားအင်ပြည့်ဝစွာ ဆက်လှမ်းနိုင်ကြပေလိမ့်မယ်။  အပြောလွယ်သလောက် အလုပ်ခက်ဆိုသလိုပင်။ ကိုယ့်ဒုက္ခ ကိုယ်သာနားလည်။ ကိုယ့်ဝမ်းနာ ကိုယ့်သာသိသောကြောင့် လွယ်ကူသောကိစ္စတခုတော့ မဟုတ်ပါချေ။

ကိုယ်ပိုင်ဘဝပျောက်ဆုံးနေချိန် ရရာဘဝလျှောက်လှမ်းနေရသော အခြေအနေတွင် အထင်အမြင်သေးသော၊  အစော်ကားခံရသော၊ မခန့်လေးစားနိုင်သော၊ မထင်မှတ်သော ပြောဆို ဆက်ဆံမှုများ၊ အခြေအနေများ၊ ပတ်ဝန်းကျင်များ ကြုံရသောအခါ အင်မတန် ခံစားရခက်သော ခံစားချက်များကို ကြုံတွေခံစားကြရပါတယ်။ မချိတင်ကဲ ခံစားမှုမျိုးပင်။ ဤအခြေအနေဟာ သိပ်များလွန်းလျှင်လည်း လိုလားအပ်သောအခြေအနေမဟုတ်ပါပေ။

ထို့အတူ ဘဝတူ စိတ်ကောင်းရှိသူများနှင့် ကြုံတွေ့ကြရသောအခါ ဖေးမမှုများ၊ အလေးတယူပြုမှုများ၊ ဂရုတစိုက်ရှိမှုများနှင်အတူ လူသားဆန်မှုများ ကြုံတွေ့ရတတ်ပြန်ပါတယ်။ တန်ဖိုးအားဖြင့် ကြီးတယ် ငယ်တယ် မဆိုသာပေမယ့် အကျိုးသက်ရောက်မှုမှာ လူတယောက်ရဲ့ ဘဝ ဖြစ်သွားနိုင်သလို။ လူတယောက်ရဲ့ အသက်လည်း ဖြစ်သွားနိုင်ပါတယ်။ လူသားဆန်မှုဟာ လူတွေ ကြားမှာသာ ရှိနိုင်တဲ့ အရာမျိုးဖြစ်ပါတယ် ။

တချို့အရာများသည် ညအမှောင်မှာသာ လှပတတ်ကြသော လရောင်ပမာပင်။

လောကညအမှောင်တွင် ဤလူသားဆန်မှုများဖြင့်သာ လောကအလှ ပိုမိုပေါ်လွင်လာရ‌ပါတယ်။

ဒါဘဝလား။ 

အမေးလွယ်သလောက် အဖြေခက်သော ပုစ္ဆာတပုဒ်ပင်။

ပုံမှန်ဝင်ငွေ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ မဝင်ကြတော့‌သောအခါ၊ ပုံမှန်အလုပ်များ မလုပ်ကြရတဲ့အခါ၊ ပုံသေဘဝတွေနဲ့ အေးအေးဆေးဆေးနေချင်ကြ‌သော သူတော်တော်များများဟာ “ငါ့ ဘဝတော့ ပျက်ပါပြီ”၊ “ကြိုးစားထားသမျှ သဲထဲရေသွန်ဖြစ်ပြီ” စသည် စသည့် ခံစားချက်များ ခံစားလာကြရတတ်ပါတယ်။ ခံစားချက်နဲ့အတူ နောက်ဆက်တွဲ “ခံပြင်းစိတ်”က ပိုမိုပြင်းထန်တတ်ပါတယ်။

တကယ်တော့ ဒါ ‘ဘဝ’ မဟုတ်ပါဘူး။

ဖြစ်ချင်တာ ဖြစ်ခွင့်မရှိတာ/မရှိသေးတာ၊ မဖြစ်ချင်တာတွေ ဖြစ်ရတာ “သဘာဝ”ပါ။

“အပြောင်းအရွှေ့ မတင်ထားပဲ ပါလာတာ၊ မိသားစုနဲ့ ဘယ်လိုမှ ပြောင်းရွေ့နေထိုင်လို့မရတဲ့ နေရာမျိုးတွေ မမျှော်လင့်ပဲ ရောက်ရတာ၊ အခြေကျလုပြီတဲ့ မိသားစုတွေ ဖရိုဖရဲဖြစ်ရတာ၊ ရာထူးတိုးကို ရသင့်တဲ့အချိန်မှာတောင်မှ မတိုးခဲ့တာ၊ ခေါင်းဆောင်ကောင်းမဟုတ်တဲ့သူတွေနဲ့ ကြုံခဲ့ရတာ၊ အလုပ်ပြုတ်တာ ၊ အလုပ်ထုတ်ခံရတာ….” စသဖြင့်…စသဖြင့်..စသဖြင့်…. အရင်ကတည်းကလည်း ဝန်ထမ်းအများစုဟာ တစ်ခုမဟုတ်၊ တစ်ခု ခံစားဖူးခဲ့ကြပါတယ်။

အခုလက်ရှိ ဝန်ထမ်းတွေခံစားနေရတာကို သုံးသပ်ကြည့်ရင်လည်း ယခုလက်ရှိဝန်ထမ်းတွေခံစားရရတာက အမှန်တရားဘက်မှာ ရဲရဲရပ်တည်လို့၊ မိုးခါးရေ မသောက်ချင်လို့၊ ကိုယ်ရပ်တည်ချက်မှန်ကန်ခဲ့လို့ အမှန်တရားကို မကြိုက်သူတွေရဲ့ မတရားလုပ်ရပ်ကြောင့်ဆိုတာ အဖြူအမဲ သဲကွဲလွန်းပါတယ်။ မတရားမှုတွေကို ခါးစည်းခံရင်း အမှန်တရားအတွက် ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်နေကြရတာဟာလည်း လူတိုင်းမလုပ်ကြတာကို လုပ်နေကြတာမို့ အလွန် ဂုဏ်ယူမိပါတယ်။

“အလုပ်ထုတ်ခံရတာတာ၊ မခံရတာ၊ ရာထူးတိုးတာ၊ မတိုးတာ” ဒါတွေဟာ ဘဝတွေမှ မဟုတ်တာလေ…။

ကျွန်မတို့ နောင်ရေးနဲ့ ကလေးတွေ အနာဂတ်၊ ဘဝအတွက် ပေးဆပ်လိုက်ရတာ၊ ခဏတာ ဒုက္ခခံရတာ တန်ပါတယ်။ တချို့တွေ လဲလိုက်ရတဲ့ ဘဝတွေနဲ့ ယှဉ်ရင်လည်း ခံသာပါသေးတယ်လေ။ တချို့ဆို အသက်နဲ့တောင် ရင်းခဲ့ရတာကလား။ တချို့ဆိုလည်း ဘယ်တော့ လွတ်မယ်မှန်းမသိတဲ့ ဘဝနဲ့ ပခြုပ်ထဲက မြွေတွေလို ခံနေကြရ။ ပိုဆိုးတဲ့ တချို့ဆို ထောင်ကျနေပြီးတာတောင် ရိုက်နှက် နှိပ်စက်ခံနေကြရ၊ အသတ်ခံနေကြရပါသေးတယ်။

တယောက်ချင်း ယုံကြည်ချက်မှန်ကန်စွာ တိုက်ပွဲဝင်နေကြရင် အမှန်တရားဟာ အဆုံးသတ်မှာ နိုင်ကိုနိုင်မှာပါ။

“ကောင်းတာလုပ်တဲ့ အတွက် ကောင်းတာကဖြစ်ကို ဖြစ်မှာပါ"

တချို့ကိစ္စတွေဟာ ကောင်းဖို့ဖြစ်လာတာလို့မှတ်ယူကာ မီးစိမ်းချိန် အသင့်ဖြစ်စေဖို့ မီးနီကို စိတ်ရှည်စွာစောင့်ဆိုင်းရင်း အားမလျှော့ပဲ ဆက်လက်ကြိုးစားကြပါစို့။   

Fighting! ဟူ၍သာ။    ။

သန့်ကေသာ (CDM ပညာရေးဝန်ထမ်း) 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013