
ဗြိတိန်စာသင်ကျောင်းတွေရဲ့ တချို့အဆောက်အဦတွေကို ဘေးကင်းလုံခြုံမှု မရှိဘူးလို့ ယူဆပြီးနောက်မှာ ကျောင်းပေါင်း ၁၅၀ ကျော်ကို ပိတ်ထားဖို့ ညွှန်ကြားချက် ထွက်လာတာကြောင့် စာသင်နှစ် အကြိုကာလမှာ မိဘတွေနဲ့ ဆရာတွေ ဒေါသထွက်ခဲ့ကြပြီး အစိုးရအတွက် ခေါင်းခဲစရာဖြစ်လာပါတယ်။
စာသင်ကျောင်းပေါင်း ၁၅၆ ကျောင်းမှာရှိတဲ့ တချို့အဆောက်အဦတွေမှာ သုံးထားတဲ့ ကွန်ကရစ်အမျိုးအစားဟာအားဖြည့်ထားတဲ့ အပူချိန်မြင့် လေခိုပေါက်တွေရှိတဲ့ ဘိလပ်ကွန်ကရစ် (RAAC)ကို သုံးစွဲထားမှုကြောင့် ပြိုကျမယ့် အန္တရာယ်ရှိနေတယ်လို့ အာဏာပိုင်တွေက ဆုံးဖြတ်ထားကြောင်း ဗြိတိန်ပညာရေးဌာနက ပြောပါတယ်။
ဗြိတိန်ပညာရေးဝန်ကြီး ဂီလီယန်ကီးဂန်ကတော့ စိတ်မပူကြဖို့နဲ့ သူတို့ အသေးစိတ် အများကြီး လုပ်ဆောင်ထားကြောင်း၊ ကျောင်းပေါင်း ၂၂,၅၀၀ ထဲမှာမှ ၁၅၆ ကျောင်းရဲ့ တချို့အဆောက်အဦတွေမှာသာ ပြဿနာရှိနေတဲ့ ကွန်ကရစ်ကို ကျောင်းအဆောက်အအုံရဲ့ အစိတ်အပိုင်းအနည်းငယ်မှာသာ တွေ့ရှိရတာကြောင့် ကျောင်းသားအားလုံးအတွက် မျက်နှာချင်းဆိုင် သင်ကြားနိုင်ဖို့ ဖွင့်လှစ်ထားဆဲ ဖြစ်ကြောင်း ပြောပါတယ်။
လူအများစုအတွက် ထိခိုက်မှာမဟုတ်ပဲ ကလေးတွေရဲ့ ဘေးကင်းရေးအတွက် ဒီကြိုတင်ကာကွယ်မှုတွေ လုပ်နေရတာလို့လည်း ဆိုပါတယ်။
ဗြိတိန် အတိုက်အခံပညာရေးဆိုင်ရာ ပြောခွင့်ရ ဘရစ်ဂတ် ဖိလစ်ဆန် ကတော့ ဒီကွန်ကရစ်အမျိုးအစားကြောင့် ထိခိုက်မှုဖြစ်ပြီး ကျောင်းတကျောင်း ပြိုကျထားတယ် ဆိုတာကို ဝန်ကြီးတွေ သိနေတာ ၅ နှစ်လောက် ရှိနေပြီဖြစ်ပြီးတော့ ဒါကို အရေးယူဆောင်ရွက်ဖို့ လိုအပ်နေတယ် ဆိုတာကို လနဲ့ချီ တင်ပြနေကြောင်းနဲ့ ဝန်ကြီးတွေအနေနဲ့ ထိခိုက်ခဲ့တဲ့ ကျောင်းစာရင်းအပြည့်အစုံကို ထုတ်ပြန်ပြီး မိဘတွေဆီ ရှင်းလင်းပေးရမယ့် အချိန်ရောက်ပြီလို့ ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အိမ်တွင်းသင်ကြားမှု သက်ရောက်မှုကနေ ပြန်နာလန်ထဆဲ ဗြိတိန်နိုင်ငံရဲ့ ပညာရေးစနစ်ဟာ ၂၀၂၃ ခုနှစ်မှာ ၆ လကြာ သပိတ်မှောက်ခဲ့ပြီး ငွေကြေးဖောင်းပွမှု ပတ်ဝန်းကျင်မှာ ကျောင်းတွေက ရန်ပုံငွေမရှိဘူးလို့ ပြောကြတဲ့ စိန်ခေါ်မှုမှာ ထိပ်ဆုံးက အရေးကိစ္စဖြစ်နေတာပါ။
ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ သယ်ယူပို့ဆောင်ရေးပိုင်းတို့မှာ သပိတ်မှောက်မှုတွေပြီးနောက်မှာ အရေးကြီးတဲ့ နိုင်ငံတော်အခြေခံအဆောက်အဦတွေ ပြိုပျက်နေတာကြောင့် လာမယ့်နှစ် အမျိုးသားရွေးကောက်ပွဲအတွက် မျှော်မှန်းထားတဲ့ ဝန်ကြီးချုပ် ရီရှီဆူနက် ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ထပ်တိုးလာနေတယ်လို့ ဆိုပါတယ်။
Source/Photo-Reuters










