ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ထဲက မူး(မုန်း)နဲ့ ဆောထိ(ရွှေကျင်)မြို့နယ်တွေထဲမှာ စစ်ကောင်စီတပ်တွေက လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ လေကြောင်းက တိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် ကျေးရွာ ၈ ရွာက ဒေသခံ လူဦးရေ ၅,၆၀၀ ကျော် အသက်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရ တယ်လို့ ကေအန်ယူဗဟိုက ထုတ်ပြန်ပါတယ်။
သစ်ချဆိပ်ကျေးရွာအနီးမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်တွေဘက်က လေကြောင်းနဲ့ လာရောက်ပစ်ခတ်ခဲ့တာကြောင့် အနီးအနား ကျေးရွာတွေဖြစ်တဲ့ သစ်ချဆိပ်၊ ဖိုးသောစု၊ မျက်ရဲကရင်၊ မျက်ရဲဗမာ၊ တိုင်ပင်၊ ကျွန်းကုန်း၊ ဥသျှစ်ခင်၊ ငလောက်တိုက်ရွာ စတဲ့ ကျေးရွာအိမ်ခြေ ၇၄၁ လုံးက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။
ကေအန်ယူ−ဆောထိ(ရွှေကျင်)မြို့နယ် အုပ်ချုပ်နယ်မြေထဲမှာတော့ ပြီးခဲ့တဲ့ ဩဂုတ် ၃၀ ရက် ည ၁၀ နာရီ ၄၁ မိနစ်လောက်က ခမရ−၂၀ က ၁၂၂ မမ ဟောင်ဝစ်ဇာ လက်နက်ကြီးတွေနဲ့ ပြည်သူတွေနေထိုင်ရာနေရာတွေကို ပစ်ခတ်ခဲ့ရာ အင်းဗလာကျေးရွာထဲက ဒေသခံတယောက်ရဲ့ လယ်ထဲကို ကျရောက် ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် ထိန်တပင်ရထားလမ်းကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဩဂုတ် ၃၁ ရက် မနက်ပိုင်းမှာ ၆၀ မမ လက်နက်ကြီးတွေနဲ့ ၃ ကြိမ် ပစ်ခတ်ခဲ့ရာ ချုံးအင်းရွာက သီဟိုရ်ခြံအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ၁ဝ နာရီ မိနစ် ၅၀ လောက်မှာ ထပ်မံပစ်ခတ်လိုက်တဲ့ လက်နက်ကြီးပစ်ခတ်မှုမှာတော့ ချုံအင်းကျေးရွာက ဒေသခံတယောက်ရဲ့ နေအိမ် ပျက်စီးခဲ့ရတဲ့အပြင် ညာလက်လက်မောင်းကို လက်နက်ကြီး ကျည်စထိမှန်ကာ ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါတပ်ကပဲ လက်နက်ကြီးတွေကို ညနေ ၇ နာရီခွဲ ကျော်လောက်မှာ ၂ ကြိမ် ဆက်လက် ပစ်ခတ်ခဲ့ပြီး ထိခိုက်ပျက်စီးမှု စာရင်းအတိအကျကိုတော့ မသိရှိနိုင်သေးဘူးလို့ ကေအန်ယူ-ဗဟိုက ပြောပါတယ်။
အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ် ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။
နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။