DVB Logo
Home
နိုင်ငံတကာ
ထိုင်းဘုရင်ကြီးက သက်ဆင်ကို ထောင်ဒဏ် ၁ နှစ်သာကျန်ရှိရန် လွတ်ငြိမ်းချမ်းသာခွင့်ပေး 
DVB
·
September 1, 2023
ထိုင်းဘုရင်ကြီးက သက်ဆင်ကို ထောင်ဒဏ် ၁ နှစ်သာကျန်ရှိရန် လွတ်ငြိမ်းချမ်းသာခွင့်ပေး 
Donate to DVB

ထောင်ဒဏ် ၈ နှစ် ကျခံနေရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို ထောင်ဒဏ် ၁ နှစ်ပဲ ကျန်တော့တဲ့အထိ ထိုင်းဘုရင်ကြီးက လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်း  ထိုင်းနန်းတွင်းပြန်တမ်းဝင်က စက်တင်ဘာ ၁ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။ 

သက်ဆင်ရှင်နာဝပ်ကို ဗဟိုတရားရုံးက အမှုတွဲအမှတ် ၄/၂၅၅၇ အရ ထောင်ဒဏ် ၃ နှစ်၊ အမှုတွဲအမှတ် ၁၀/၂၅၅၂ အရ ထောင်ဒဏ် ၂ နှစ် ၊ အမှုတွဲအမှတ် ၅/၂၅၅၁ အရ ထောင်ဒဏ် ၅ နှစ်တို့ကို စုစုပေါင်း ထောင်ဒဏ် ၈ နှစ် စီရင်ချက်ချမှတ်ခံထားရတာပါ။ 

အဆိုပါပြစ်မှုတွေကို ခံယူဖို့ ဘန်ကောက်အထူးအကျဉ်းထောင်မှာ ၁၀ ရက်ကျခံခဲ့ပြီး ဖြစ်လို့ ‌နောက်ထပ် ၇ နှစ် ၁၁ လ ၂၀ ရက် ကျန်ရှိနေပါတယ်။ 

ဒါပေမဲ့ သက်ဆင်ဟာ နိုင်ငံတော်ဝန်ကြီးချုပ် ၁ ဦးအနေနဲ့ နိုင်ငံတော်တာဝန်ဝတ္တရားတွေကို ထမ်းဆောင်ခဲ့သူဖြစ်တာ၊ ပြည်သူပြည်သားများအကျိုးကို ဆောင်ရွက်ခဲ့သူဖြစ်တာ၊ ဘုရင့်ဦးသျှောင်နှင့် ထီးနန်းပေါ် သစ္စာစောင့်သိတာ၊ မိမိအမှားကိုလည်း ဝန်ခံခဲ့တာ၊ မိမိမှားယွင်းမှုအပေါ် နောင်တရတာ၊ အသက်အရွယ်ကြီးရင့်ကာ ကျန်းမာရေးချို့တဲ့ပြီး ကျွမ်းကျင် သမားတော်တွေနဲ့ ကုသဖို့လိုတာတွေကြောင့်  လွတ်ငြိမ်းချမ်းသာခွင့်ပြုဖို့ ဗဟိုတရားရုံးမှတဆင့် လျှောက်ထားခဲ့တာပါ။

အဆိုပါအချက်တွေအရ အကျဉ်းသား သက်ဆင်ရှင်နာဝပ်အနေနဲ့ မိမိ တတ်မြောက်တဲ့အသိပညာ၊ ကျွမ်းကျင်မှုတွေကို အသုံးချကာ နိုင်ငံ့အကျိုး၊ တိုင်းသူပြည်သားတို့ရဲ့ အကျိုးကို သယ်ပိုးဆောင်ရွက်သွားနိုင်ဖို့ ထောင်ဒဏ် ၁ နှစ်သာ ကျန်ရှိဖို့ လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း ထိုင်းဘုရင်ကြီး ဝဇီရာလောင်ကွန်းက ဩဂုတ်လ ၃၁ ရက် နေ့စွဲနဲ့ လက်မှတ်ရေးထိုးခဲ့တယ်လို့ ပြန်တမ်းမှာ ပါရှိပါတယ်။

ထိုင်းအာဏာသိမ်းစစ်ကောင်စီက တရားစွဲပြီး ဖမ်းဝရမ်းထုတ်ခံထားရလို့ ပြည်ပကို ၁၇ နှစ်ကြာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ဟာ  ဩဂုတ်  ၂၂ ရက်နေ့မှာ  အမိမြေကို ပြန်လာပြီး အဖမ်းခံခဲ့တာဖြစ်ပါတယ်။

သက်ဆင် ပြန်ရောက်တဲ့နေ့မှာပါ သူ တည်ထောင်ခဲ့တဲ့ ဖွေ့ထိုင်းပါတီက ဝန်ကြီးချုပ်ရွေးချယ်ခံရပြီး ဒီနောက်မှာ ညွန့်ပေါင်း အစိုးရအဖွဲ့ကိုလည်း ဦးဆောင်ဖွဲ့စည်းနိုင်ခဲ့ပါတယ်။

ဒီလို အစိုးရသစ် ဖွဲ့စည်းနိုင်ဖို့  စစ်အာဏာရှင်ဟောင်းပါတီတွေနဲ့ ပြန်ပူးပေါင်းဖို့  တစုံတရာ လျှို့ဝှက်စွာ သဘောတူချက်ယူထားကြကြောင်း သတင်းတွေ ထွက်ပေါ် ခဲ့ပါတယ်။

သက်ဆင်ဟာ ဖွေ့ထိုင်းပါတီက ဝန်ကြီးချုပ် ရွေးကောက်တင်မြှောက်တဲ့နေ့မှာ တိုက်တိုက်ဆိုင်ဆိုင် ‌ပြန်ရောက်လာကာ ထောင်ကျတာ ၁ ရက်မပြည့်ခင် ကျန်းမာရေးအကြောင်းပြပြီး အထူးစပါယ်ရှယ်ဆေးရုံမှာ တက်ရောက်ကုသနေလို့  အခွင့်ထူးခံယူတယ်ဆိုပြီး ဆန္ဒပြမှုတွေနဲ့လည်း ကြုံတွေ့နေရပါတယ်။ 

သခင်တစ်ယောက် ပြည်တော်ပြန်ရဖို့အရေး၊ အာဏာရရေးအတွက် ဒီမိုကရေစီ လိုလားသော ထောက်ခံအားပေးသူ ပြည်သူတွေရဲ့ အသံကို မျက်ကွယ်ပြုပြီး စစ်အာဏာရှင် လက်အောက်ခံ နိုင်ငံရေးပါတီတွေနဲ့ ပြန်ပေါင်းခဲ့တဲ့ ဖွေ့ထိုင်းပါတီကိုလည်း ဝေဖန်၊ ဆန့်ကျင် ဆန္ဒပြမှုတွေ ခံနေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013