
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ သြဂုတ် ၃၀ ရက်နဲ့ ၃၁ ရက်နေ့တွေမှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရပြီး တယောက် သေဆုံးကာ သုံးယောက် ဒဏ်ရာရရှိပြီး စစ်ကောင်စီတပ်သားတွေရဲ့ လက်ချက်နဲ့ ပြည်သူတယောက် သေဆုံးကာ တယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်မြို့နယ်ပကဖကနေ သိရပါတယ်။
ပခုက္ကူမြို့ကနေ မြိုင်မြို့ဘက်ကို ထွက်လာတဲ့ စစ်ကောင်စီ ထောက်ပို့စစ်ကြောင်းကို လုံခြုံရေးပေးဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကို သြဂုတ် ၃၀ ရက် မနက်ပိုင်းက တွင်းမရွာ ပျူစောထီးစခန်း မြောက်ဘက်နားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ မြိုင်ပကဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က တွင်းမကျေးရွာက ပျူစောထီးအဖွဲ့ဝင် တင်မောင်လင်း သေဆုံးခဲ့ပြီး သုံးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် တွင်းမရွာ ပျူစောထီးစခန်းကနေ ညနေပိုင်းလောက်မှာ ထွက်လာတဲ့ စစ်ကောင်စီ ထောက်ပို့ကားကိုလည်း လမ်းမှာ ဗွက်နစ်ပြီး ဆက်မထွက်နိုင်ဘဲဖြစ်နေလို့ သြဂုတ် ၃၁ ရက် မနက်ပိုင်းမှာ အဲဒီထောက်ပို့ကားနဲ့ လုံခြုံရေးပေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို အီနာဂါဗုံးသီး အလုံး ၈၀ နဲ့ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးသူ များပြားနိုင်ပေမဲ့ အတိအကျ မသိရသေးဘူးလို့ ပြောပါတယ်။
အထိနာခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ သြဂုတ် ၃၀ ရက်နေ့မှာ သာစည်ကျေးရွာက ပြည်သူတယောက်၊ သြဂုတ် ၃၁ ရက်မှာ မြေရင့်ကျေးရွာက ပြည်သူတယောက် လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့ကာ ပခုက္ကူမြို့နယ် မကျည်းတန်းရွာက ပြည်သူတယောက်ကိုလည်း လည်ပင်းဖြတ်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေကို မြိုင်ပကဖ တပ်ရင်း-၁၊ အလင်းတန်းပြောက်ကျားတပ်ဖွဲ့၊ Myaing Warriors၊ Hero New GZ၊ MRDF၊ MFDF၊ KMDF၊ MVRF နဲ့ Eagle Brigade တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ကြဘူးလို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။