DVB Logo
Home
မြန်မာသတင်း
NGO၊ INGO များကို စည်းကမ်းပိုမိုကြပ်မတ်ရန် စစ်ခေါင်းဆောင် ပြောသည့်အပေါ်  ရှုတ်ချ
DVB
·
September 1, 2023
NGO၊ INGO များကို စည်းကမ်းပိုမိုကြပ်မတ်ရန် စစ်ခေါင်းဆောင် ပြောသည့်အပေါ်  ရှုတ်ချ
1 / 3
Donate to DVB

အမျိုးသားယဉ်ကျေးမှုနဲ့ စည်းလုံးညီညွတ်မှုကို မထိခိုက်စေဖို့ နိုင်ငံတကာအဖွဲ့အစည်း NGO၊ INGO တွေအပေါ် သက်ဆိုင်ရာဝန်ကြီးဌာနအနေနဲ့ စည်းမျဉ်းစည်းကမ်းတွေ ပိုမိုကြပ်မတ်ဖို့နဲ့ အကူအညီပေးနေတဲ့ နိုင်ငံနဲ့ အဖွဲ့တွေက အသုံးချနေတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဩဂုတ် ၃၀ ရက်မှာ ပြုလုပ်တဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။

အဲဒီပြောဆိုချက်နဲ့ပတ်သက်လို့ NGO, INGO တွေက ပြန်လည် အပြစ်တင်ရှုတ်ချ ပြောဆိုလိုက်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ NGO တွေအနေနဲ့ လုပ်ကိုင်ရတာ ပိုမိုခက်ခဲလာပြီး အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ ဖြစ်တဲ့အတွက် စစ်ကောင်စီအနေနဲ့ အခုလို ပြောဆိုပိုင်ခွင့် မရှိဘူးလို့ ပြောပါတယ်။

ကျန်းမာရေးနယ်ပယ်မှ NGO ဝန်ထမ်းတယောက်က “ကျန်းမာရေးဘက်က အာဏာသိမ်းပြီး နောက်ပိုင်းမှာ အစစအရာရာ လုပ်ရကိုင်ရ ခက်ခဲလာတယ်။ နိုင်ငံရေးမတည်ငြိမ်တာကြောင့် hard to reach area တွေကို accessible ဖြစ်ဖို့ ပိုခက်ခဲလာတယ်ပေါ့။ ပြီးတော့ တချို့ IDP Camps တွေ ဖျက်သိမ်းခိုင်းတယ်ပေါ့နော်။ by force နဲ့ ဖျက်ခိုင်းတဲ့အတွက် အဲဒီမှာရှိတဲ့ Population က ဒုက္ခတွေရောက်ရတယ်။ လိုအပ်တဲ့ အထောက်အပံ့တွေ မရကြတဲ့အတွက် ဒုက္ခတွေရောက်ရတယ်။ NGO, INGO တွေက အစိုးရရဲ့ လက်အောက်ခံ မဟုတ်တဲ့အတွက် အဒီလိုပြောပိုင်ခွင့် မရှိဘူးလို့ မြင်မိပါတယ်။ အရင်ထက် တင်းကျပ်လာတာကိုပဲ ဖြေလျှော့ပေးဖို့ ပြောချင်ပါတယ်။ ပြီးတော့ ဒိုနာနိုင်ငံတွေက ကြိုးကိုင်တယ်ဆိုတာမျိုး ပြောတာလည်း တွေ့ရတယ်။ ဒိုနာနိုင်ငံတွေနဲ့ NGO တွေ အဖွဲ့အစည်းတွေက နိုင်ငံရေးအရ လုံးဝ ပတ်သက်တာ မဟုတ်တဲ့အတွက် အခုလို စွပ်စွဲပြောဆိုတာကို ရှုတ်ချချင်ပါတယ်” လို့ တုံ့ပြန်ပြောပါတယ်။

INGO တွေ အနေနဲ့ကလည်း ပြည်တွင်းမှာ စည်းစနစ်တကျ လုပ်ဆောင်နေရတာဖြစ်ပြီး စစ်ကောင်စီရဲ့ တားဆီးပိတ်ပင်မှုကြောင့် အရင်ကတည်းက လူမှုဖွံ့ဖြိုးရေး ပရောဂျက်တွေမှာ အခက်အခဲတွေ ကြုံတွေ့နေရပြီး တချို့သော အဖွဲ့တွေကလည်း ပြည်တွင်းကနေ ထွက်ခွာဖို့ စီစဉ်နေကြောင်း INGO ဝန်ထမ်းတယောက်က ပြောပါတယ်။

“နဂိုကတည်းက ကျပ်တည်းနေပြီးသားပေါ့နော်။ ဒါ့ကြောင့် အဖွဲ့တော်တော်များများက တကယ်လုပ်လို့ရှိရင် မြေပြင်မှာ community ကို benefit ဖြစ်နိုင်တဲ့ အကျိုးနဲ့ ဒီပရောဂျက်ကို run ရင် ကုန်ကျစရိတ်နဲ့ ချိန်ကြည့်ပြီး development ပရောဂျက် တော်တော်များများက ပြန်ထွက်သွားပေါ့။ တော်တော်များများလည်း ရပ်ဖို့ စိတ်ကူးနေပြီပေါ့နော်။ အဲဒါတွေက ဘယ်လောက်ကျပ်တည်းလဲဆိုတဲ့ အခြေအနေပေါ် မူတည်ပြီး ဖြစ်လာတာတွေပါ။ တော်တော်လေးကိုမှ လုပ်ရကိုင်ရတာ ကျပ်တည်းပါတယ်။ ပြောချင်တာက အဖွဲ့တွေ အကုန်လုံးက NGO, INGO တွေက ဘယ်သူမှ စည်းလွတ်ဝါးလွတ် လုပ်နေတာတွေ မရှိပါဘူး။ အကုန်လုံးက Criteria တွေနဲ့ ပရောဂျက် စကတည်းက အကုန်လုံးက mission, vision တွေနဲ့ လုပ်နေတာမို့လို့ ဘောင်ကျော်ပြီး မပြောပါနဲ့။ တချို့ ငွေကြေးထောက်ပံ့တဲ့ အဖွဲ့တွေဆိုရင် အချိန်လေး နည်းနည်းလွဲပြီး လုပ်တာတောင်မှ ခွင့်မပြုပါဘူး။ အကုန်လုံးက စည်းနဲ့ ကမ်းနဲ့ လုပ်နေကြတာပါ။”

စစ်ကောင်စီရဲ့ တားမြစ်ပိတ်ပင်မှုတွေ ကန့်သတ်ချက်တွေကြောင့် မြေပြင်မှာ လုပ်ကိုင်နေရတဲ့ NGO တွေ အနေနဲ့ကလည်း ပရောဂျက်မှာ တင်ပြထားသလို မလုပ်ကိုင်နိုင်တာကြောင့် ထောက်ပံ့နေတဲ့နိုင်ငံတွေ အလှူရှင်တွေက အကူအညီ ရပ်တန့်လိုက်တာမျိုးတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

အခုလို အစိုးရမဟုတ်တဲ့ အရပ်ဘက်အဖွဲ့တွေကို ဝင်ရောက်စွက်ဖက်တာက စစ်ကောင်စီရဲ့ နိုင်ငံရေးအရ အကျပ်ရိုက်နေတဲ့ အနေအထားကို ပြသနေတဲ့သဘော ဖြစ်တယ်လို့လည်း စောင့်ကြည့်လေ့လာသူတွေက သုံးသပ်ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013