DVB Logo
Home
မြန်မာသတင်း
တရုတ်အာလူးများဝင်လာသဖြင့် ဒေသထွက်​အာလူး စျေးကျပြီး တောင်သူများအရှုံးပေါ်
DVB
·
September 1, 2023
တရုတ်အာလူးများဝင်လာသဖြင့် ဒေသထွက်​အာလူး စျေးကျပြီး တောင်သူများအရှုံးပေါ်
Donate to DVB

မြန်မာပြည်တွင်းစျေးကွက်ကို တရုတ်အာလူးတွေ အများအပြား ဝင်ရောက်လာတာကြောင့် ဒေသထွက် အာလူးစျေးနှုန်း ကျဆင်းသွားပြီး စိုက်တောင်သူတွေ အရှုံးပေါ်နေတယ်လို့ အာလူးစိုက် တောင်သူတွေက ပြောပါတယ်။

ဒေသထွက် အာလူးစျေးနှုန်းတွေဟာ သြဂုတ်အစက ခြံဖြတ်စျေး ၁ ပိဿာကို ကျပ် ၂,၆၀၀ အထိ ရရှိခဲ့ပေမဲ့ သြဂုတ် ၃၁ စျေးနှုန်းမှာ ခြံဖြတ်စျေး ၁ ပိဿာကို ကျပ် ၁,၆၀၀ သာ ရှိတော့ပြီး ၁ လအတွင်း ၁ ပိဿာကို ကျပ် ၁,၀၀၀​ အထိ ကျဆင်းခဲ့ပါတယ်။

အာလူးစိုက်တောင်သူတဦးက “အာလူးက တခြားကုန်တွေနဲ့မတူဘူး။ အရင်းအနှီးများမှ လုပ်နိုင်တာ။ ဒီနှစ်က ခါတိုင်းနှစ်ထက် မတူဘူး။ မနှစ်က တဧကကို သိန်း ၃၀ ကျော်ပဲ ကုန်ပေမဲ့ ဒီနှစ် သိန်း ၄၀ ကျော်ကုန်တယ်။ မြေသြဇာနဲ့ ဆေးဖိုးတို့ အရင်က တအိတ်ကို ၅၀,၀၀၀ လောက်ပဲရှိတာ၊ အခု ၁ သိန်းအထက်တွေ ဖြစ်သွားပြီ။ ဒီလအစက ၂,၅၀၀ ကျော်လောက်ရတော့ ဒီနှစ် စျေးကွက်ကောင်းပြီထင်နေတာ။ ခုတော့ ၂,၀၀၀ အောက် စျေးထိုးကျသွားတော့ နောက်နှစ် အာလူးစိုက်ဖို့တောင် စဥ်းစားရတော့မှာ။ တရုတ်အာလူးတွေက စျေးတော်တော်နဲ့ အရမ်းဝင်နေတော့ ကျနော်တို့လို တောင်သူတွေ အတွက် အများကြီးနစ်နာပါတယ်” လို့ ပြောပါတယ်။

ဒေသထွက်အာလူးတွေ တူးနေတဲ့အချိန်မှာ တရုတ်အာလူးတွေ ဝင်ရောက်လာမှုကို ကန့်သတ်သင့်တယ်လို့ နောင်တရား အာလူးစျေးကွက် လေ့လာသူတဦးက ပြောပါတယ်။

“တရုတ်အာလူးတွေ ထိန်းချုပ်မှုမရှိ ဝင်နေတော့ ပြည်တွင်းအာလူးစိုက် တောင်သူတွေအတွက် ထိခိုက်နစ်နာမှုတွေ အများကြီးရှိတယ်။ ကျနော်တို့နိုင်ငံအနေနဲ့လည်း ထိုင်းတို့ တရုတ်တို့ကို နမူနာယူရမယ်။ ထိုင်းဆို သူတို့နိုင်ငံက ပြောင်းထွက်ချိန်ဆို ဘယ်နိုင်ငံကမှ ပြောင်းမတင်သွင်းတော့ဘူး။ တရုတ်ဆိုလည်း သူတို့ရာသီပေါ်အသီးထွက်တဲ့ အချိန်ဆို တခြားနိုင်ငံက တင်သွင်းမှုကို ရပ်လိုက်ပြီး မလောက်မှ အနည်းငယ်တင်သွင်းတယ်။ ကိုဗစ်ကာလတည်းက မြန်မာပြည်ကုန်တွေ တရုတ်ဝင်ခွင့်မရှိဘဲ နယ်စပ်ဂိတ်ပိတ်လည်း တရုတ်အာလူးက ဝင်နေတာပဲ။ တခုခုတော့ ထိန်းချုပ်မှရတော့မယ်လို့ ထင်တယ်။ နောက်မို့ဆို တောင်သူတွေလည်း လျှော့စိုက်ရင်း လျှော့စိုက်ရင်းနဲ့ အာလူးက နိုင်ငံခြားက ဝယ်စားရတဲ့ကုန် ဖြစ်တော့မှာပါ။”

တရုတ်နိုင်ငံဟာ ကိုဗစ်-၁၉ အကြောင်းပြပြီး မြန်မာနိုင်ငံမှ တရုတ်နိုင်ငံဘက် ကုန်တင်သွင်းမှုတွေကို မကြာခဏ ပိတ်ဆို့တာကြောင့် မြန်မာကုန်သည်တွေနဲ့ စိုက်တောင်သူတွေ အခက်အခဲများစွာ ရင်ဆိုင်ခဲ့ရပါတယ်။

ဒေသထွက်အာလူးကို ရှမ်းပြည်နယ်မှာ အဓိကစိုက်ပျိုးပြီး ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ မွန်၊ ကရင်၊ စစ်ကိုင်း၊ မန္တလေးနဲ့ မကွေးတို့မှာလည်း စိုက်ပျိုးကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013