
ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ ကျေးရွာသုံးရွာက ပြည်သူ့နေအိမ်တွေကို စစ်ကောင်စီတပ်က သြဂုတ် ၂၅ ရက်ကစပြီး မီးရှို့နေတယ်လို့ ရှေ့တန်းရဲဘော်တယောက်က ပြောပါတယ်။
“ပြီးခဲ့တဲ့ ၂၅ ရက် နောက်ပိုင်းကနေ သုံးလေးရက် မီးရှို့တယ်ပေါ့နော်။ တရွာကို ၃၊ ၄ လုံး ဝန်းကျင်လောက်တော့ ရှိမယ်ပေါ့နော်။ အတိအကျတော့ မသိရသေးဘူး။ ကာဒါးလားဘက်မှာလည်း ရှို့တယ်။”
ငွေတောင်ရွာသစ်ကျေးရွာ၊ ကာဒါးလားနဲ့ ဒေါညေးခူ ရွာတွေမှာလည်း နေအိမ်မီးရှို့တယ်လို့ သိရပြီး ခန့်မှန်းခြေ သုံးရွာပေါင်း နေအိမ် ၁၀ လုံးကျော်ကို စစ်ကောင်စီတပ်က မီးရှို့သွားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက ပြည်သူပိုင်နေအိမ်တွေထဲက စားသောက်စရာတွေ၊ တန်ဖိုးရှိပစ္စည်းတွေကို ယူဆောင်သွားတတ်ပြီး ဒီးမော့ဆို–ဖရူဆို ပြည်ထောင်စုလမ်းမကြီးအနီးက နေအိမ်တွေကို မီးရှို့တာလို့ သိရပါတယ်။
ဒါ့အပြင် ငွေတောင်ရွာသစ်ကျေးရွာအနီးကို စစ်အင်အားတွေ တိုးချဲ့တာတွေလည်း ရှိတယ်လို့ သိရပေမဲ့ အင်အားအတိအကျကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေကြား ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းမကြီး တလျှောက် သြဂုတ် ၂ ရက်ကစပြီး ဒီနေ့အထိ ထိတွေ့တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး စစ်ကောင်စီဘက်က အယောက် ၇၀ ကျော် သေဆုံးခဲ့တယ်လို့ ရဲဘော်တွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၃၁ ရက်ကလည်း စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ စစ်ရှောင်ပြည်သူတွေရှိရာ စခန်းအနီးကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၃ ဦးမက ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။