DVB Logo
Home
Lead Story
အာဖရိက အာဏာသိမ်းယဉ်ကျေးမှု
DVB
·
September 1, 2023
အာဖရိက အာဏာသိမ်းယဉ်ကျေးမှု
Donate to DVB

ဗုဒ္ဓဟူးနေ့မနက်ပိုင်းက အနောက်အာဖရိက ဂါဘွန်နိုင်ငံမှာ စစ်တပ်က လက်ရှိသမ္မတကို ဖမ်းပြီး အာဏာသိမ်းလိုက်တယ်။

စစ်တပ် ထိပ်တန်းခေါင်းဆောင်တစုဟာ ဂါဘွန်ရုပ်မြင်သံကြားမှာ ပေါ်လာပြီး သူတို့ အာဏာကို ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ကြေညာတယ်။ တဆက်တည်း ပြီးခဲ့တဲ့စနေနေ့က ကျင်းပတဲ့ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်းနဲ့ ကြားဖြတ်အစိုးရတရပ် ဖွဲ့စည်းကြောင်း ကြေညာကာ သမ္မတအစောင့်တပ် အကြီးအကဲ ဗိုလ်ချုပ် အိုလီဂူငူးမားကို ခေါင်းဆောင်အဖြစ် တင်မြှောက်ကြောင်း ကြေညာခဲ့တယ်။

လက်ရှိသမ္မတ အလီဘွန်ဂိုကို နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထားပြီး အစိုးရအဖွဲ့အစည်း အသီးသီးကိုလည်း ဖျက်သိမ်းလိုက်ပြီလို့ ကြေညာခဲ့တယ်။

ခုချိန်မှာ အာဖရိကနိုင်ငံတနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာ မထူးဆန်းတော့သလိုတောင် ဖြစ်နေပြီ။ ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ကပဲ နိုင်ဂျာမှာ အာဏာသိမ်းခဲ့တယ်။ နိုင်ဂျာ အာဏာသိမ်းမှု တလပြည့်ချိန်မှာပဲ အခု ဂါဘွန်မှာ စစ်တပ်က အာဏာသိမ်းပြန်တယ်။ ဒီနိုင်ငံတွေမှာ စစ်တပ်က အာဏာသိမ်းတာ ထမင်းစားရေသောက် ဖြစ်နေသလိုပဲ။ပြီးတော့ အားလုံးက အာဖရိကအနောက်ပိုင်းနိုင်ငံတွေ ဖြစ်သလို တချိန်က ပြင်သစ်ကိုလိုနီ ဖြစ်ဖူးတဲ့ နိုင်ငံတွေ ဖြစ်တယ်။

တနိုင်ငံနဲ့တနိုင်ငံ ပုံတူကူးချပြီး အာဏာသိမ်းသလား ထင်ရအောင် ပုံစံတူတွေ မြင်ရတယ်။ လက်ရှိ အာဏာရသမ္မတကို ဖမ်းဆီးထိန်းသိမ်းမယ်။ အာဏာသိမ်း စစ်တပ်ခေါင်းဆောင်တစု ရုပ်မြင်သံကြားရှေ့ ထွက်လာပြီး အာဏာသိမ်းကြောင်း ကြေညာမယ်။ အသွင်ကူးပြောင်းရေး ကြားဖြတ်အစိုးရတရပ် ဖွဲ့မယ်။ စစ်တပ်ခေါင်းဆောင်က ကြားဖြတ်အစိုးရခေါင်းဆောင် ဖြစ်လာမယ်။

ပြီးခဲ့တဲ့လ နိုင်ဂျာမှာ အာဏာသိမ်းလိုက်တဲ့ ဂယက်တွေ မပြီးသေးခင်မှာ အခု ဂါဘွန်မှာ နောက်ထပ် အာဏာသိမ်းပွဲ ထပ်ဖြစ်ခဲ့တာပါ။ ဂါဘွန် အာဏာသိမ်းပွဲဟာ အနောက်အာဖရိကရဲ့ ငါးနိုင်ငံမြောက် အာဏာသိမ်းပွဲပါ။ ဂီနီယာ၊ မာလီ၊ ဘာကီနာဖာဆို၊ နိုင်ဂျာ စတဲ့ အနောက်အာဖရိကနိုင်ငံတွေမှာ အာဏာသိမ်းပွဲတွေ ဖြစ်ခဲ့တယ်။

ပြီးခဲ့တဲ့လ နိုင်ဂျာမှာ စစ်တပ်က အာဏာသိမ်းလိုက်တော့ လူတွေ လမ်းမပေါ်ထွက်လာပြီး အောင်ပွဲခံကြတာ တွေ့ရတယ်။

အခု ဂါဘွန်မှာလည်း အာဏာသိမ်းအပြီး လူတွေ လမ်းပေါ်ထွက် အောင်ပွဲခံကြတာ တွေ့ရတယ်။ ဂါဘွန်မြို့တော် လီဘရီဗီးလ် လမ်းမပေါ်မှာ အောင်ပွဲခံစစ်သားတစု သူတို့ဗိုလ်ချုပ် အိုလီဂူ ငူးမားကို ပခုံးပေါ်ထမ်းတင် ကိုင်မြှောက်ပြီး အောင်ပွဲခံတာ အနိုင်ရဘောလုံးအသင်း နည်းပြတယောက်ကို ကစားသမားတွေက ကိုင်မြှောက်နေသလိုမျိုး။ ဒါဆိုရင် အာဖရိက အာဏာသိမ်းမှုတွေဟာ ပြည်သူတွေရဲ့ ထောက်ခံအားပေးမှု ရှိနေတယ်လို့ ဆိုရမယ်။

ဂါဘွန်က လူဦးရေ ၂ ဒသမ ၄ သန်းပဲရှိပြီး ရေနံထွက်တဲ့ နိုင်ငံတခုပါ။ အခု ထိန်းသိမ်းခံလိုက်ရတဲ့ သမ္မတ အလီဘွန်ဂိုက ၂၀၀၉ ခုနှစ်ကနေ ဒီနေ့အထိ အာဏာရယူခဲ့သူ ဖြစ်သလို သူ့ဖခင် အိုမာ ဘွန်ဂိုကလည်း ၁၉၅၆ ခုနှစ်ကနေ ၂၀၀၉ အထိ အာဏာရယူခဲ့တယ်။ အဖေပြီး သား မိသားစု အာဏာဆက်ခံကြသူတွေပါ။

အခု အာဏာသိမ်းလိုက်တဲ့ ဗိုလ်ချုပ် အိုလီဂူ ငူးမားကလည်း တချိန်တုန်းက အလီဘွန်ဂိုရဲ့ဖခင် အိုမာဘွန်ဂို လက်ထက်မှာ သမ္မတ အိုမာဘွန်ဂိုရဲ့ ကိုယ်ရေးအရာရှိ ဖြစ်ခဲ့သူပါ။ နောက်တော့ ထောက်လှမ်းရေးအကြီးအကဲ ဖြစ်လာပြီး နောက်ဆုံးမှာ သမ္မတအစောင့်တပ်ရဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး ဖြစ်လာသူပါ။

အာဖရိက အာဏာသိမ်းမှုတွေဟာ ပြင်သစ်ကိုလိုနီဘဝက လွတ်မြောက်ပြီးနောက်ပိုင်း နှစ်ပေါင်းများစွာ တိုင်းပြည်အာဏာကို ချုပ်ကိုင်လာခဲ့ကြတဲ့ အာဏာရှင်များနဲ့ လက်နက်ကိုင် စစ်ဗိုလ်ချုပ်တွေကြား အာဏာလွန်ဆွဲပွဲတွေပဲ ဖြစ်တယ်။

အာဖရိကနိုင်ငံတွေဟာ သယံဇာတ ပေါကြွယ်ဝပေမဲ့ ခေတ်အဆက်ဆက် ပြည်သူတွေ အကျိုးမခံစားရဘဲ အာဏာရှင်တစုရဲ့ ခြယ်လှယ်အမြတ်ထုတ်မှုကိုပဲ နှစ်ပေါင်းများစွာ ခံစားခဲ့ရတယ်။

အနောက်အာဖရိကတလွှားက အာဏာသိမ်းပွဲတွေဟာ ဒီနိုင်ငံတွေမှာ လှိုက်စားနေတဲ့ လူမှုဆင်းရဲဒုက္ခများရဲ့ နောက်ဆက်တွဲဖြစ်သလို လက်နက်အင်အားနဲ့ အာဏာရယူတတ်ကြတဲ့ အာဖရိကရဲ့ အစဉ်အလာကြောင့်လည်း ဖြစ်တယ်။

ကမ္ဘာပေါ်မှာ စစ်တပ်က အာဏာသိမ်းမှု အများဆုံးဖြစ်ခဲ့တာ အာဖရိကဖြစ်သလို ဆင်းရဲမွဲတေမှု၊ ပြည်တွင်းစစ်၊ လက်နက်ကိုင် စစ်သွေးကြွအဖွဲ့မျိုးစုံ၊ ပြည်သူ့စစ်အဖွဲ့မျိုးစုံ၊ အုပ်စုကွဲမျိုးစုံ အမြဲတမ်း တိုက်ခိုက်နေကြတာလည်း အာဖရိကပဲ ဖြစ်ပါတယ်။

CWM

Ref: Reuters/AFP/BBC

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013