DVB Logo
Home
မြန်မာသတင်း
ရေဦးမြို့နယ်၊ ကျေးရွာ ၅၀ ကျော်ရှိ အိမ်ခြေ ၃,၄၀၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီး
DVB
·
September 1, 2023
ရေဦးမြို့နယ်၊ ကျေးရွာ ၅၀ ကျော်ရှိ အိမ်ခြေ ၃,၄၀၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီး
Donate to DVB

စစ်တပ်အာဏာသိမ်း ၂ နှစ်ခွဲကာလအတွင်း စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ ကျေးရွာ ၅၁ ရွာက အိမ်ခြေစုစုပေါင်း ၃,၄၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ကက်သလစ် ခရစ်ယာန်ဘာသာဝင်တွေ အများဆုံးနေထိုင်တဲ့ ချမ်းသာရွာဟာ အဆိုးဆုံး အကြမ်းဖက်ခံခဲ့ရကာ ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ စာရင်းကောက်ယူနေတဲ့ ဒေသတွင်း အဖွဲ့အစည်းတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်ခွဲကာလအတွင်း စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်ကို စစ်ကောင်စီတပ်တွေက အကြိမ်ကြိမ် ဝင်ရောက်စစ်ကြောင်းထိုးပြီး ဒေသခံတွေရဲ့ နေအိမ်တွေကို အကြမ်းဖက် မီးရှို့ဖျက်ဆီးခဲ့တာပါ။

ရေဦးမြို့နယ်ကို စစ်ကောင်စီက စုစုပေါင်း လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ်အထိ ပြုလုပ်ခဲ့ပြီး နယ်မြေထိန်းချုပ်ဖို့ ကြိုးစားခဲ့တဲ့အကြောင်းနဲ့ လတ်တလောမှာလည်း ရေဦးနဲ့ ခင်ဦးနယ်တွေကို စစ်ကောင်စီတပ်က စစ်ကြောင်း ၂ ခုနဲ့ အလှည့်ကျ စစ်ကြောင်းထိုး တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေလမှာကျင်းပခဲ့တဲ့ စစ်ကိုင်းဖိုရမ်အပြီးမှာ ဒေသတွင်း အဖွဲ့အစည်းတွေက ပျက်စီးဆုံးရှုံး ထိခိုက်သေဆုံးမှု စာရင်းတွေကို ကောက်ယူပြီး စစ်ဘေးသင့်ပြည်သူတွေကို အကူအညီပေးဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

ရေဦး People's Defense Comrade အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်က “၂၀၂၃ ခုနှစ်အထိ ရေဦးနယ် အနောက်ဘက်ခြမ်းရယ်၊ တောင်ဘက်ခြမ်းရယ်၊ မြောက်ဘက်ခြမ်းရယ်၊ ကျေးရွာစုစုပေါင်း ၅၁ ရွာ မီးရှို့ဖျက်ဆီးခံထားရတယ်ဗျ။ လက်ရှိအချိန်အထိ စာရင်းကောက်ထားချက်အရ မီးလောင်အိမ်ခြေပေါင်း ၃,၄၂၉ လုံးအထိ ရှိခဲ့တယ်ဗျ။ တခြားသော ဘုရားကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ သီလရှင်ကျောင်းတွေ၊ ဈေးဆိုင်တွေ၊ မီးဖိုဆောင်တွေ၊ နွားတဲတွေကအစ မီးရှို့ခံထားရတဲ့စာရင်းတော့ မပါသေးဘူး။ ၃,၄၂၉ လုံးကတော့ လက်ရှိကောက်ထားချက်အရ နေအိမ်တွေကိုပဲ စာရင်းကောက်ထားတာ” လို့ ပြောပါတယ်။

ရေဦးနယ်အနောက်ဘက်ခြမ်းက အဆိုးရွားဆုံး အကြမ်းဖက်ခံခဲ့ရတဲ့ ချမ်းသာရွာမှာ စစ်ကောင်စီက ၄ ကြိမ်အထိ ဝင်ရောက်မီးရှို့ခဲ့ပြီး အကြိမ် ၂၀ ကျော် စစ်ကြောင်းဝင် တိုက်ခိုက်ခဲ့ပါတယ်။

အိမ်ခြေ ၇၀၀ နီးပါးရှိတဲ့ ချမ်းသာရွာမှာ ပေါ်တူဂီမျိုးနွယ်စပ် ကက်သလစ်ခရစ်ယာန် ဘာသာဝင်တွေရဲ့ နေအိမ် ၄၀၀ နီးပါး၊ ဗုဒ္ဓဘာသာဝင်တွေရဲ့ နေအိမ် ၂၀၀ နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ရတာပါ။

၂၀၂၂ ဇန်နဝါရီ ၁၅ ရက်နေ့မှာ သက်တမ်း နှစ်ပေါင်း ၁၂၀ ကျော်ရှိပြီဖြစ်တဲ့ ခရစ်ယာန် ဘုရားကျောင်းကိုလည်း စစ်ကောင်စီက ပြိုကျတဲ့အထိ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

“ချမ်းသာရွာအတွင်းမှာရှိတဲ့ ခရစ်ယာန်ဘာသာဝင်တွေရဲ့ နေအိမ်နံရံတွေပေါ်မှာ အကြမ်းဖက် စစ်တပ်က ခြိမ်းခြောက်တဲ့စာတွေ ရေးခဲ့တယ်။ ဒေါ်စုက မင်းတို့ကို လာမကယ်တော့ဘူး။ စစ်တပ်အောက်မှာပဲ ကျွန်ခံပေတော့ ဆိုပြီးတော့ အမျိုးမျိုး ခြိမ်းခြောက်ပြီးတော့ စာတွေ ရေးသွားတယ်။ မင်းတို့ကို ဒီမိုကရေစီမပေးတော့ဘူး။ မြန်မာနိုင်ငံကနေ အပြီးထွက်သွားရမယ်။ ထွက်မသွားဘူးဆိုရင် လူမျိုးတုံးသတ်ဖြတ်မယ်၊ ပုံ စကစ ဒိန်းဂျား ဆိုပြီးတော့ အိမ်နံရံတွေပေါ်မှာ စစ်(-) တွေက ကက်သလစ်ခရစ်ယာန်ဘာသာဝင်တွေကို အမျိုးမျိုး ရေးသား ခြိမ်းခြောက်သွားတာတွေ ရှိခဲ့တယ်။”

ရေဦး၊ ခင်ဦးနယ်ခံ ပြည်သူတွေဟာ စစ်ကြောင်းအခြေအနေပေါ် မူတည်ပြီး တရွာကနေ တရွာကို ရွှေ့ပြောင်းသွားလာနေကြရပါတယ်။

စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ PDF တွေကိုပဲ ဦးတည်တာမျိုးမဟုတ်ဘဲ မြင်မြင်သမျှကို ဖျက်ဆီးတိုက်ခိုက်တဲ့ အခြေအနေ ဖြစ်တယ်လို့ ခင်ဦးနယ်ခံ စစ်ဘေးရှောင်ပြည်သူ တယောက်က ပြောပါတယ်။

ခင်ဦးနယ်ခံ အမျိုးသမီးတဦးက “၁ နှစ် ၂ နှစ် သားကလေးတောင်မှ သူတို့ အသက်ချမ်းသာမပေးဘူး၊ ပစ်သတ်တယ်။ နောက်တခါ အသက် ၁၁ နှစ် ၁၂ နှစ် ကလေးအရွယ်ကိုလည်း ရက်ရက်စက်စက် သူတို့ ဖမ်းခေါ်သွားပြီး သူတို့ ခြေတွေ လက်တွေ ဖြတ်ပြီးတော့မှ သတ်ပစ်တာတွေလည်းရှိတယ်။ နောက်ပြီးတော့ရင်လည်း ကျမတို့ ရွာတွေမှာလည်း သူတို့မိသွားတဲ့သူတွေရှိတယ်။ မိသွားတဲ့သူတွေကတော့ ကျမတို့ မျှော်လင့်ချက်မထားနဲ့။ သူတို့က လူစိတ်မရှိတဲ့သူတွေ ဖြစ်တဲ့အတွက် သူတို့လက်ထဲ ပါသွားပြီ ဆိုရင်လည်း ကျမတို့က သေလူလိုပဲ မှတ်ယူရလောက်အောင် ပြန်လာဖို့က မျှော်လင့်ချက် အရမ်းနည်းပါတယ်။ သူတို့လာပြီဆိုတာ အသံကြားပြီဆိုတာနဲ့ ကျမတို့မှာ လွတ်အောင် ပြေးရတာပေါ့နော်။ တယောက်မှလည်း အမိမခံနိုင်ဘူးပေါ့။ တယောက်တယောက် တရွာတရွာ ချိတ်ဆက်ပြီးတော့မှ ဆော်ဩပြီးတော့မှ ပြေးဖို့ရာ ထွက်ရပါတယ်ပေါ့နော်။”

စစ်ကိုင်းတိုင်း ခန့်မှန်းခြေလူဦးရေ ၅ သန်းကျော်မှာ စစ်ဘေးသင့်ပြည်သူ ၇၆၀,၀၀၀ ကျော် အထိ ရှိနေတယ်လို့ စောင့်ကြည့်လေ့လာတဲ့ အရပ်ဘက်အဖွဲ့တွေက ခန့်မှန်းထားပါတယ်။

Data For Myanmar အဖွဲ့ရဲ့ ဇွန်လဒုတိယအပတ် ထုတ်ပြန်ချက်အရ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့တွေ မီးရှို့တာကြောင့် စစ်ကိုင်းတိုင်းမှာ အိမ်ခြေ ၅၃,၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013