DVB Logo
Home
မြန်မာသတင်း
ကန့်ဘလူတွင် စစ်တပ်စစ်ကြောင်းထိုးသဖြင့် ဒေသခံများစစ်ဘေးရှောင်၊  ၃ ဦး သတ်ဖြတ်ခံရ
DVB
·
September 1, 2023
ကန့်ဘလူတွင် စစ်တပ်စစ်ကြောင်းထိုးသဖြင့် ဒေသခံများစစ်ဘေးရှောင်၊  ၃ ဦး သတ်ဖြတ်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း ကကျေးရွာတွေကို စစ်တပ်ကရုတ်တရက်စစ် ကြောင်းထိုးဝင်ရောက်လာလို့ ကျေးရွာ ၁၄ ရွာလောက်က ဒေသခံပြည်သူ ၂ဝ,၀၀၀ကျော်  မိုးထဲရေထဲမှာ  စစ်ဘေးရှောင်နေရပြီး စိတ်ကျန်းမာရေးမကောင်းသူအပါအဝင် ဒေသခံ ၃ ဦးကို စစ်တပ်က သတ်ဖြတ်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သြဂုတ် ၃၀ ရက် မနက် ၂ နာရီ ဝန်းကျင်က စတင်ကာ အင်အား ၁၅၀ လောက်နဲ့ ကလေးမြို့အခြေစိုက် အမှတ် ၁ဝ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ ၁ဝ လက်အောက်ခံ ခမရ ၃၆၁ ရဲ့စစ်ကြောင်းက ရုတ်တရက် ကန့်ဘလူမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေကြောင့် ရွာသားတွေ အမြန်တိမ်း ရှောင်နေကြပြီးအခက်အခဲတွေရှိနေတယ်လို့ ကျွန်းလှတတ်ကြွသူများအဖွဲ့ တာဝန်ရှိသူကိုညီက ပြောပါတယ်။

"စစ်ရှောင်က ခန့်မှန်း ၂ဝဝဝဝ ကျော်ရှိတယ်၊ ကျေးရွာ ၁၄ ရွာလောက်ကပေါ့၊ တမြန်မနေ့ကဆိုပါတော့ ၃ဝ ရက်နေ့ ည ၂ နာရီကတည်းက စစ်တပ်က စစ်ကြောင်းထိုးလို့ ရှောင်ရတာပါ။ အခက်အခဲတွေတော့အများကြီးပဲ အဓိကကတော့ စားဝတ်နေရေးပေါ့၊ ရုတ်တရက်ရှောင်ရတာဖြစ်လို့ စားနပ်ရိက္ခာပိုင်းအများကြီး လိုအပ်နေပါတယ်၊ နောက်ပြီး မိုးတွင်းဆိုတော့ ဆေးဝါးနဲ့ရေ တခြားအများကြီးပါ၊ မိုးတွင်းဆိုပေမဲ့ အရင်နေ့တွေကမိုးမရွာဘူး ၂၉ ရက်ကမှစရွာတာ၊ စစ်ဘေးရှောင်ရတဲ့သူတွေကလည်း နီးစပ်ရာကိုရှောင်ရတာပါ။  တော်တော် ကိုခက်ခဲနေပါတယ်။”

စစ်ကောင်စီစစ်ကြောင်းထိုးဝင်ရောက်တာကြောင့် ထန်းကုန်းတိုက်နယ်ထဲက သရက်ခေါင်း ကျေးရွာအပါအဝင် ဖလံချိုင်၊ တောင့်တည်းကုန်း၊ ညောင်ဇင်ကြီး၊ ကိုးမြို့၊ ဘိုတဲကုန်း၊ မကုန်း၊ ပေလည်ကျေးရွာတွေနဲ့ ဇီးကုန်းတိုက်နယ်ထဲက သိုးဘိုး ၊ ငါးရာနဲ၊ မင်းဘာ ၊ လက်ထုပ်ကုန်း၊ ရေငတ်ကုန်း၊ သရက်ကန်ကြီးနဲ့ တခြားအနီးနားကကျေးရွာ ၁၄ ရွာကျော် စစ်ရှောင် နေရတာပါ။

စစ်ကြောင်းက သြဂုတ် ၂၅ ရက်ကစတင်ကာ ၄ ရက်ကျော်ကြာ ကန့်ဘလူမြို့နယ်ထဲက ရွာသစ်ရွာနဲ့ ဆီဆုံကြီးရွာမှာတပ်စွဲခဲ့ပြီး ပြည်သူပိုင်ပစ္စည်းတွေ အတင်းအဓမ္မယူဆောင်သွားတဲ့အပြင် စိတ်ကျန်းမာရေးမကောင်းသူအပါအဝင် အမျိုးသား ၃ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ကျွန်းလှတတ်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။

အသက်ခံရသူတွေကတော့ ဆီဆုံကြီးကျေးရွာက ကိုနိုင်ဝင်းအောင် အသက် ၃၇( စိတ်ဝေဒနာရှင်)၊ ရွာသစ်ကျေးရွာက ဦးမောင်လွင် အသက် ၄၉ နှစ်နဲ့  ဦးထွန်းအောင် အသက် ၅၄ နှစ်တို့ ဖြစ်ပါတယ်။ 

စစ်ကြောင်းထိုးဝင်ရောက်ခဲ့တဲ့ ခမရ ၃၆၁ က စစ်ကြောင်းဟာ သြဂုတ်လ ၃၁ ရက် မနက်အစောပိုင်း ၂ နာရီခန့်မှာ သရက်ခေါင်းကျေးရွာထဲကိုစစ်ကြောင်းထိုးဝင်ရောက်ကာ ပစ်ခတ်ခဲ့ပေမဲ့ အပျက်အစီးတွေကိုအတည်မပြုနိုင်သေးပါဘူး။

စစ်ကြောင်း ကျေးရွာထဲမှာရှိနေတာကြောင့် ဒေသခံတွေက စစ်ဘေးလွတ်ရာကို စစ်ရှောင်နေရ ဆဲဖြစ်ပြီး စစ်ရှောင်တွေထဲမှာ ကိုယ်ဝန်ဆောင်သည်၊ သက်ကြီးရွယ်အိုတွေနဲ့ အသက်မပြည့်သေးသူ လေးငယ်တွေလည်း ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယင်းမာပင်မြို့နယ်အတွင်း စစ်ကောင်စီတပ်တွေနဲ့ ULFတပ်ပေါင်းစုအပါဝင် ဒေသခံတပ်ရင်း တပ်ဖွဲ့ပူးပေါင်းအဖွဲ့နဲ့တိုက်ပွဲဖြစ်ပြီး လက်နက်နဲ့ကျည်ဘောက် ၃ ခုကို ကာကွယ်ရေးတပ်ဘက်က သိမ်းဆည်းလိုက်ပါတယ်။

ယင်းမာပင်မြို့နယ်၊ စေသူရွာသစ်ကွင်းအနီး စစ်ကောင်စီတပ်နဲ့ ဒေသခံ ULF တပ်ပေါင်းစု ပူးပေါင်းအဖွဲ့တွေနဲ့ ဩဂုတ် ၂၉ ရက် ၁၀ နာရီလောက်က  တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက် ကျည်ဘောက်၃ ခုကို ပြည်သူကာကွယ်ရေးတပ်တွေက သိမ်းဆည်းရမိခဲ့ပါတယ်။

ဩဂုတ် ၁၆ ရက်ကစတင်ပြီး စစ်ကောင်စီတပ်တွေဟာ စေသူရွာသစ်ကွင်းမှာ အထိုင်တပ်စွဲ‌ပြီး အနီးအနားကျေးရွာတွေက ပြည်သူပိုင်ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးသလို၊ တန်ဖိုးရှိပစ္စည်းတွေကို သယ်ဆောင်ယူနေကြတယ်လို့ ဒေသခံကာကွယ်ရေး ခေါင်းဆောင်တွေက ပြောပါတယ်။

K.L.G အဖွဲ့ တာဝန်ရှိသူက“တိုက်ပွဲဖြစ်ရတာကလည်း စေသူသစ်ကွင်းက ပြည်သူပိုင်သစ်တွေကို မတရားခိုးထုတ်နေတာရယ် နောက်ပြီး အနီးအနားက ကျေးရွာတွေဆီက ပစ္စည်းတွေ ခိုးယူ ဖျက်ဆီးနေလို့ တိုက်ပွဲဖြစ်ရတာပါဗျ။ တိုက်ပွဲက ဒီကောင်‌တွေ ရှေ့ပြေးကင်းထောက်အဖွဲ့ကို ကျနော်တို့ အလစ်လက်ဦးမှုယူပြီး တိုက်ခဲ့တာ။ တိုက်ပွဲက နာရီဝက်လောက်ပဲ ကြာတယ်။ စစ်ကောင်စီဘက်က ၇  ဦးကျဆုံးပြီး ၇  ဦးထက်မနည်း ထိခိုက်ဒဏ်ရာရသွားတယ်။ နောက်ပြီး စစ်ကောင်စီဘက်က MA11 တလက်၊ ကျည်ဘောက် ၃ ဘောက်၊ ကျည်ကာ ၂ ခု၊ လက်ကိုင်ဖုန်း ၃ လုံး၊ ဘေးလွယ်အိတ် ၁ လုံး၊ ပိုက်ဆံလက်ကိုင်အိတ် ၁ ခု၊ မြန်မာကျပ်ငွေအချို့၊ ထိုင်းဘတ် ၅၀  နဲ့ ခိုးရာပါ ရွှေထည်ပစ္စည်း အနည်းငယ်သိမ်းဆည်းရမိခဲ့တယ်ဗျ။ ကိုယ့်ဘက်ကတော့ အထိအခိုက်မရှိခဲ့ဘူး”လို့  ပြောပါတယ်။

အခုတိုက်ပွဲကိုULFတပ်ပေါင်းစု၊Comrade စစ်ကြောင်း၊KLG စစ်ကြောင်း ၊Alpha စစ်ကြောင်း နဲ့အတူ ဒေသမဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ B 21 PDFတပ်ရင်း ၁၇၊ PDA တပ်ရင်း ၃၅၊ ဗိုလ်နှုတ်ခမ်းမွှေးတပ်ဖွဲ့၊ ချင်းတွင်း GZ ၊ သေမင်းတမန် LPDF တို့မှ ပူးတွဲတိုက်ခိုက်ခဲ့တာလို့ ဆိုရပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ဩဂုတ် ၂၉ ရက် ညနေပိုင်းက ဇီးကုန်းမြို့အရှေ့ဘက် MEC သကြားစက် ကနေတဆင့် ချင်မြစ်ကျင်းကျေးရွာကို စစ်ကြောင်းထိုးလာပြီး အဆိုပါကျေးရွာမှာ ညအိပ်တပ်စွဲကာ ဩဂုတ် ၃၀ ရက်မှာ သရက်ခေါင်းကျေးရွာဘက်ကို ဦးတည်စစ်ကြောင်းထိုးနေတာလို့ ဒေသခံတွေက ပြောပါတယ်။

ကန့်ဘလူဒေသခံ ပြည်သူတစ်ဦးက  “မိုးက မနေ့ကတည်းက ရွာနေတာ။ ဒီနေ့မနက်လည်း မိုးကရွာနေတုန်း။ အခုမနက် စစ်ကြောင်းထိုးလာတယ် ကြားလို့ မိုးရွာထဲ ထွက်ပြေးနေရတယ်။ အတော်လေးကို ဒုက္ခရောက်ရတယ်။ ပြေးရတဲ့လမ်းကလည်း ရွှံ့တွေ၊ ဗွက်တွေထဲ ပြေးနေရတော့ ချော်လဲတဲ့သူက လဲပေါ့ဗျာ။ ကလေးတွေ၊ သက်ကြီးရွယ်အိုနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက်ကတော့ အတော်ကို ဒုက္ခရာက်ရတယ်”လို့ ပြောပါတယ်။

အင်အား ၁၀၀ ကျော် စစ်ကြောင်းထိုးနေတာကြောင့် ကိုးမြို့၊ တောင့်တဲကုန်း၊ ညောင်ဇင်ကြီး၊ သိုးဘိုး၊ ဖလံချိုင်၊ ငါးရာနဲ၊ သရက်ခေါင်း၊ မင်းဘာ၊ လက်ထုတ်ကုန်း ကျေးရွာတွေက ဒေသခံပြည်သူတွေ မိုးထဲရေထဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့‌ ဒေသခံ စစ်ဘေးရှောင် ကူညီသူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013