DVB Logo
Home
မြန်မာသတင်း
ICJ ကိစ္စ မောင်တောဒေသခံများနှင့် ဆီးရီးယားသတင်းထောက်အဖွဲ့ တွေ့ဆုံ
DVB
·
August 31, 2023
ICJ ကိစ္စ မောင်တောဒေသခံများနှင့် ဆီးရီးယားသတင်းထောက်အဖွဲ့ တွေ့ဆုံ
Donate to DVB

အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ကို မြန်မာနိုင်ငံက ကန့်ကွက်လွှာ တင်သွင်းမယ့်ကိစ္စအတွက် ဆီးရီးယားနိုင်ငံက သတင်းထောက်နဲ့အဖွဲ့ သြဂုတ် ၃၁ ရက် မနက်ပိုင်းက မောင်တောမြို့ရှိ မွတ်ဆလင်၊ ဟိန္ဒူ၊ ရခိုင်၊ မြိုလူမျိုးတွေနဲ့ မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေး ဧည့်ရိပ်သာမှာ တွေ့ဆုံခဲ့ပါတယ်။

သူတို့ သိလိုတာတွေကို မေးမြန်းကာ ရုပ်သံအင်တာဗျူး မှတ်တမ်းတွေ ရယူခဲ့ကြကြောင်း တွေ့ဆုံခဲ့ကြတဲ့ ဟိန္ဒူ၊ မွတ်ဆလင်၊ ရခိုင်နဲ့ မြို့လူမျိုးတွေထံက သိရပါတယ်။

မွတ်ဆလင်လူကြီးတဦးက “သူတို့က ၂၀၁၇ အကြမ်းဖက်ဖြစ်စဥ်တွေ ဘယ်လို စပြီးဖြစ်ခဲ့တာလဲ မေးတယ်။ ဘယ်လိုတွေ မြင်တွေ့ခဲ့ရလဲ မေးတယ်။ ကျနော်တို့လည်း အရင်က ဖြေထားတဲ့အတိုင်းပါပဲလေ။ အာဆာအကြမ်းဖက်သမားတွေ ကျေးရွာတွေကို မီးရှို့တယ်လို့တော့ သိရတယ်။ မျက်မြင် မြင်တာ မရှိဘူးလို့ ဖြေတယ်။ သူတို့က ဘာမှပြန်မပြောဘူး။ ဗီဒီယိုမှတ်တမ်းတွေ ရိုက်ယူကြတယ်” လို့ ပြောပါတယ်။

အခုလို ဆီးရီးယားနိုင်ငံက သတင်းထောက်နဲ့အဖွဲ့ တွေ့ဆုံခဲ့ကြသူတွေမှာ မောင်တောမြို့ပေါ်က ဒေသခံ လူကြီး ၃ ဦး၊ ဘင်္ဂလားဘက်မှ ပြန်ဝင်လာတဲ့ မွတ်ဆလင် ၂ ဦး၊ ဘင်္ဂလားဘက်မှ ပြန်လည်ခေါ်ယူလာသူ ဟိန္ဒူအမျိုးသမီး ၈ ဦးနဲ့ အသတ်ခံခဲ့ရတဲ့ မြိုမိသားစုဝင် ၆ ဦးတို့ ပါဝင်ပါတယ်။

ရခိုင်လူကြီးတဦးက “မြိုလူမျိုးတွေကို သတ်တာ ဘယ်သူတွေလဲလို့ မေးတယ်။ ကိုယ်တိုင် မျက်မြင် မဟုတ်တော့ ဘယ်သူဆိုတာ ဘယ်လို ပြောလို့ရမလဲ။ သတင်းတွေမှာတော့ အာဆာ သတ်တယ်လို့ သတင်းတွေ ဖတ်ရတယ်။ လက်တွေ့မှာ တရားခံဖမ်းမိတာလည်း မရှိတော့ ဘယ်သူ သတ်တယ်ဆိုတာ အတိအကျ ပြောရဖို့ ခက်တယ်” လို့ ပြောပါတယ်။

ဆီးရီးယားနိုင်ငံက သတင်းထောက်မှာ အမေရိကန်နိုင်ငံသားဖြစ်ပြီး ဆီးရီးယားနိုင်ငံသား ခံယူထားသူဖြစ်ကာ သူနဲ့လိုက်ပါလာတဲ့အဖွဲ့မှာ မြန်မာတွေ ဖြစ်တယ်လို့ တွေ့ဆုံခဲ့သူတွေက ဆိုပါတယ်။

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်တဲ့ မြန်မာမျက်မြင်အဖွဲ့ (Myanmar technical Team) ဟာ မတ် ၁၅ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ ဒုက္ခသည်စခန်းတွေကို သွားရောက်ပြီး နေရပ်စွန့်ခွာ ဒုက္ခသည်တွေ ပြန်လာနိုင်ရေး တွေ့ဆုံစည်းရုံးခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ မတ် ၈ ရက်ကလည်း အိန္ဒိယ၊ ဂျပန်၊ တရုတ်၊ ဘင်္ဂလား၊ ကိုရီးယားတို့က သံတမန် ၂၀ ကျော်နဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်တို့အဖွဲ့ဟာ ၂၀၁၇ အကြမ်းဖက်ဖြစ်စဥ်ကြောင့် တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားကြသူတွေကို မြန်မာဘက်က ပြန်လည်လက်ခံရေးအတွက် အဆင်သင့် ဖြစ်နေကြောင်း မောင်တောဒေသရှိ ငါးခူရ ပြန်လည်လက်ခံရေးစခန်းနဲ့ လှဖိုးခေါင် ယာယီပြန်လည်လက်ခံရေး ၂ ခုကို ခေါ်ယူပြသခဲ့ပါတယ်။

စက်တင်ဘာ ၁ ရက် မနက်မှာလည်း နိုင်ငံ ၃၀ မှ မြန်မာနိုင်ငံဆိုင်ရာ သံတမန်တွေ စစ်တွေမြို့ကို ရောက်ရှိကြမှာဖြစ်ပြီး အဲဒီကတဆင့် မောင်တောမြို့ရှိ ပြန်လည်လက်ခံရေးစခန်းတွေ ဖြစ်ကြတဲ့ လှဖိုးခေါင်၊ ငါးခူရ၊ တောင်ပြို စခန်းတွေအပြင် ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့တွေကိုပါ သွားလာကြမှာဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူတဦးက အတည်ပြုပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013