DVB Logo
Home
Lead Story
အနမ်းကလေး တစ်ချက်
DVB
·
August 31, 2023
အနမ်းကလေး တစ်ချက်
Donate to DVB

ရုတ်တရက် ကြည့်ရင်တော့ အနမ်းကလေး တစ်ချက်ပါပဲ။ ဒါပေမဲ့ ဒီအနမ်းကလေးတစ်ချက်က စပိန်တစ်နိုင်ငံလုံးကို အုန်းအုန်းကျွက်ကျွက် ဖြစ်စေခဲ့တယ်။ စပိန်ဘောလုံးလောက တစ်ခုလုံးသာမက စပိန်အစိုးရ၊ စပိန်တရားစီရင်ရေးအဖွဲ့နဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)အထိပါ ရိုက်ခတ်ခဲ့ပါပြီ။

အရှေ့တိုင်းသားတစ်ဦးအနေနဲ့ကတော့ လူမြင်ကွင်းမှာ အနမ်းနဲ့ နှုတ်ဆက်တတ်ကြတဲ့ အနောက်တိုင်းသားတွေကို မြင်တဲ့အခါတိုင်း စိတ်ထဲ မရိုးမရွဖြစ်မိတာ အမှန်ပါ။ ဪ ဒါက သူတို့ဓလေ့ပဲလေပေါ့။ ကိုယ်တွေအဖို့ ရိုင်းတယ် မြင်မိပေမယ့် သူတို့ကတော့ ဒါလုပ်ရိုးလုပ်စဉ်ဓလေ့ပဲ။ အခမ်းအနားတွေ ပွဲလမ်းသဘင်တွေမှာ ဖိုနဲ့ မ နှုတ်ဆက်တဲ့အခါ အနမ်းပေးကြတယ်။ ချစ်ခင်နှစ်သက်ဖွယ်အမူအရာကို ပြသတာ။

ရုရှားတွေကတော့ လူနှစ်ယောက် တွေ့ဆုံမိတ်ဆက်ကြတဲ့အခါ Bear hug လို့ခေါ်တဲ့ ဝက်ဝံပွေ့ဖက်မှုနဲ့ နှုတ်ဆက်တတ်ကြတယ်။

အရှေ့တိုင်းဓလေ့မှာတော့ ဒါမျိုး မရှိပါဘူး။ လက်ဆွဲနှုတ်ဆက်မယ်။ လက်အုပ်ချီ အရိုအသေပြုမယ်။ ဒါလောက်ပဲ။

ကိုယ်တွေအဖို့ အနမ်းနဲ့ နှုတ်ဆက်တတ်ကြတဲ့ အနောက်တိုင်းဓလေ့ရဲ့ သိမ်မွေ့မှုကို အရင်က သိပ်သဘောမပေါက်ခဲ့မိဘူး။ ဒီလို အနမ်းနဲ့ နှုတ်ဆက်တိုင်း သန့်ရှင်းရိုးသားရမယ်၊ ဖြူစင်ဖို့ လိုတယ်ဆိုတာကို အခု ရူဘီယာလက်စ်ရဲ့ အဖြစ်အပျက်ကျမှပဲ သဘောပေါက်မိတော့တယ်။

အရှေ့ဖြစ်စေ အနောက်ဖြစ်စေ အမျိုးသမီးတစ်ဦးအပေါ် ကိုယ်ကာယပိုင်းဆိုင်ရာ (လိင်ပိုင်းဆိုင်ရာ) ကျူးလွန်မှုကိုတော့ ဘယ်သူမှ ခွင့်ပြုမှာ မဟုတ်ဘူး။

ပြီးခဲ့တဲ့ဩဂုတ် ၂၀ ရက်က ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမှာ အမျိုးသမီး ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲ ကျင်းပခဲ့တယ်။ စပိန်နဲ့ အင်္ဂလန်အမျိုးသမီးအသင်းတို့ ကစားကြတဲ့ ဒီဖိုင်နယ်ပွဲမှာ စပိန်အမျိုးသမီးအသင်းက အနိုင်ရပြီး ဗိုလ်စွဲသွားခဲ့တယ်။

ဗိုလ်လုပွဲကို စပိန်ဘုရင်မ အပါအဝင် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ရူဘီယာလက်စ်လည်း လာကြည့်တယ်။

စပိန်အမျိုးသမီးအသင်းက အင်္ဂလန်အမျိုးသမီးအသင်းကို တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရသွားတော့ အောင်ပွဲခံကြတာပေါ့။

စပိန်အမျိုးသမီးအသင်းသားတွေကို တစ်ဦးချင်း ဆုတံဆိပ် ချီးမြှင့်ပေးတဲ့အချိန်မှာ ဥက္ကဋ္ဌ ရူဘီယာလက်စ်က အမျိုးသမီးအသင်းခေါင်းဆောင် ဂျင်းနီဟာမိုဆိုရဲ့ နှုတ်ခမ်းကို စုပ်ယူပြီး ပွေ့ဖွက်နမ်းရှုပ်လိုက်တယ်။

သာမန် နှုတ်ဆက်အနမ်းမျိုးမဟုတ်ဘဲ နှုတ်ခမ်းကို အားပါးတရ ရမ္မက်ထန်ထန်နဲ့ စုပ်ယူခံလိုက်ရတာကို အသင်းခေါင်းဆောင် ဂျင်းနီကလွဲလို့ ဘယ်သူမှ သတိမထားမိလိုက်ကြဘူး။ အောင်ပွဲခံနေကြတဲ့အခိုက်မှာဖြစ်ခဲ့တာမို့ ဘယ်သူမှ မမြင်လိုက်ကြပေမယ့် ဒီအဖြစ်အပျက်ကို ကွင်းထဲက ကင်မရာပေါင်းများစွာက အလိုအလျောက် မှတ်တမ်းတင်ထားပြီးဖြစ်နေတယ်။

နောက်တစ်နေ့မှာတော့ စပိန်အမျိုးသမီးအသင်းခေါင်းဆောင် ဂျင်းနီက အဖွဲ့ချုပ်ဥက္ကဋ္ဌ ရူဘီယာလက်စ်ရဲ့ အပြုအမူနဲ့ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ် ထုတ်ဖော်ရေးသားလိုက်ပြီး အကျင့်မကောင်းတဲ့ဥက္ကဋ္ဌ နုတ်ထွက်ပေးဖို့တောင်းဆိုလိုက်တယ်။

စပိန်ဘောလုံးဥက္ကဋ္ဌ ရူဘီယာလက်စ်က ပထမတော့ သူ့အပြုအမူအတွက် တောင်းပန်သေးတယ်။ နောက်တော့ ဒါဟာ ကာယကံရှင်ရဲ့ ခွင့်ပြုချက်နဲ့ နမ်းတာသာဖြစ်တယ်လို့ ငြင်းတယ်။ ဂျင်းနီက ဒီလို နမ်းရှုပ်တာကို သူမအနေနဲ့ လုံးဝသဘောတူခြင်းမရှိခဲ့ဘူးလို့ ထုတ်ပြန်တယ်။

ဘာမှမဟုတ်ဘူးလို့ ထင်ရတဲ့ ဒီပြဿနာဟာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာကို ရောက်သွားတယ်။ စည်းကမ်းထိန်းသိမ်းရေးကော်မတီက စပိန်ဘောလုံးဥက္ကဋ္ဌရဲ့ အပြုအမူဟာ ကျင့်ဝတ်ချိုးဖောက်ရာရောက်လို့ အရေးယူမယ်လို့ ဆိုတယ်။

စပိန်ဘောလုံးအဖွဲ့ချုပ်က အထူးအရေးပေါ်အစည်းအဝေး ကျင်းပပြီး ဒေသဆိုင်ရာ ဘောလုံးအဖွဲ့ချုပ်တွေက ဥက္ကဋ္ဌ ရူဘီယာလက်စ် နုတ်ထွက်ပေးဖို့ တောင်းဆိုကြတယ်။ ရူဘီယာလက်စ်က သူ မနုတ်ထွက်နိုင်ဘူးလို့ ဆိုတယ်။ ဘာမဟုတ်တဲ့ ကိစ္စအတွက်နဲ့ နုတ်ထွက်မပေးနိုင်ဘူးလို့ ငြင်းတဲ့အခါ ဒီပြဿနာထဲ စပိန်အစိုးရ၊ တရားရေးဌာန၊ အမျိုးသမီးအခွင့်ရေး လှုပ်ရှားသူများအဖွဲ့တွေ ပါဝင်လာပြီး စပိန်တစ်နိုင်ငံလုံး အခု အုတ်အော်သောင်းတင်းဖြစ်နေတယ်။

ဖီဖာက ရူဘီယာလက်စ်ကို စပိန်ဘောလုံးအဖွဲ့ချုပ်ကနေ ဖယ်ရှားလိုက်ပြီး စပိန်အစိုးရက အဖြစ်မှန်ကို ဖော်ထုတ်ဖို့ အရေးယူဆောင်ရွက်မယ်လို့ ဆိုတယ်။

စပိန်အစိုးရ ဥပဒေအကျိုးဆောင်တွေက ဒါဟာ အမျိုးသမီးတစ်ဦးအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု မြောက်မမြောက် ကနဦးစုံစမ်းစစ်ဆေးမှုတွေပြုလုပ်မယ်လို့ဆိုတယ်။

စပိန်ရာဇဝတ်တရားရုံးကလည်း “ဂျနီဖာ ဟာမိုဆိုရဲ့ ထုတ်ပြန်ချက်အရ ရူဘီယာလက်စ်ရဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုမှာ သူမ ဆန္ဒမပါဝင်ဘူးဆိုတာ ထင်ရှားပါတယ်” လို့ ထုတ်ဖော်ပြောဆိုပြီး ဥပဒေအရ တရားစွဲဆိုဖို့ စီစဉ်နေတယ်လို့ ဆိုတယ်။

စပိန်အမျိုးသမီးအခွင့်အရေးကာကွယ်စောင့်ရှောက်ရေးအဖွဲ့တွေက ဦးဆောင်ပြီး မက်ဒရစ်မြို့မှာ ဆန္ဒထုတ်ဖော်ပွဲတွေပြုလုပ်နေပြီး စပိန်ရဲ့ ဖိုဝါဒလွှမ်းမိုးနေမှုကို ကန့်ကွက်ခဲ့ကြတယ်။

စပိန်ယာယီအလုပ်သမားဝန်ကြီး ယိုလန်ဒါ ဒိုင်းယက်စ်ကတော့ စပိန်မှာ ဖိုဝါဒကြီးစိုးမှု စနစ်တကျ အမြစ်တွယ်နေပြီး အခု ရူဘီယာလက်စ်ရဲ့ဖြစ်ရပ်က ဒါကိုမီးမောင်းထိုးပြလိုက်တယ်လို့ဆိုတယ်။

ကမ္ဘာ့ဖလားဆုပေးပွဲစင်မြင့်ပေါ်က တဒင်္ဂဖြစ်ရပ်လေးဟာ စပိန်တစ်နိုင်ငံလုံးကို လှုပ်ခတ်သွားခဲ့ပါပြီ။

အမျိုးသမီးအသင်းခေါင်းဆောင် ဂျင်းနီဟာမိုဆိုအပေါ် အဖွဲ့ချုပ်ဥက္ကဋ္ဌ ရူဘီယာလက်စ်ရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုဟာ စပိန်တစ်နိုင်ငံလုံးရဲ လူမှုကွန်ရက်ပေါ်မှာ အကြီးအကျယ် လှိုင်းထသွားခဲ့တယ်။

ရူဘီယာလက်စ် မနုတ်ထွက်ရင် စပိန်အသင်းကနေ ထွက်တယ်ဆိုပြီး စပိန်နည်းပြ ဂျော့ဗီဒယ်လ်ကလွဲလို့ နည်းပြအဖွဲ့ဝင်တွေအားလုံး နုတ်ထွက်သွားကြတယ်။

ရူဘီယာလက်စ်ရဲ့ စင်မြင့်ပေါ်က အနမ်းကလေးတစ်ချက်ရဲ့ နောက်ဆက်တွဲမှာ ဘာတွေ ဖြစ်လာမလဲ မသိရသေးဘူး။ မိခင်ဖြစ်သူ အိန်ဂျလီစ်ဘီဂျားကတော့ သူ့သားအပေါ် မဟုတ်မမှန် စွပ်စွဲနေကြလို့ဆိုပြီး တောင်ပိုင်း မိုထရီမြို့က ခရစ်ယာန်ဘုရားကျောင်းမှာ အစာငတ်ခံ ဆန္ဒပြနေလေရဲ့..။

CWM

Ref: Reuters/BBC

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013