DVB Logo
Home
မြန်မာသတင်း
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်က အဝယ်လိုက်သဖြင့် ကြက်သွန်နီစျေးနှုန်း မြင့်တက်
DVB
·
August 31, 2023
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်က အဝယ်လိုက်သဖြင့် ကြက်သွန်နီစျေးနှုန်း မြင့်တက်
Donate to DVB

အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် အဝယ်လိုက်လာတာကြောင့် ပြည်တွင်း ကြက်သွန်နီစျေးနှုန်းတွေ မြင့်တက်လာတယ်လို့ ကြက်သွန်ရောင်းဝယ်ရေး ကုန်စည်ဒိုင်တွေဆီက သိရပါတယ်။

ဘုရင့်နောင်ကုန်စည်ဒိုင်စျေးနှုန်းအရ သြဂုတ်အစက ကြက်သွန်နီအမျိုးအစားကိုလိုက်ပြီး ၁ ပိဿာကို ၁,၈၀၀ မှ ၂,၁၀၀ အထိသာ ရှိခဲ့ပေမဲ့ သြဂုတ် ၃၀ ရက်နေ့မှာ ၁ ပိဿာကို ကျပ် ၃,၃၀၀ မှ ၃,၇၀၀ အထိရှိလာပြီး ၂ ရက်အတွင်း ၁ ပိဿာကို ကျပ် ၄၀၀ အထိ မြင့်တက်ခဲ့ပါတယ်။

ဘုရင့်နောင်ပွဲရုံရှိ ကြက်သွန်ဒိုင်တဦးက “ပုံမှန်ဆို ကြက်သွန်သစ်ပေါ်တဲ့အချိန်ဆို စျေးက တဖြည်းဖြည်းနဲ့ ကျဖို့ပဲရှိနေတာ။ အခုတော့ ဘင်္ဂလားဒေ့ရှ်ကပါ မြန်မာကကြက်သွန် တင်သွင်းမယ့် သတင်းကြောင့် ကြက်သွန်စျေးက ပြန်ခုန်တက်သွားတယ်။ အရင်က အိန္ဒိယတခုကိုပဲ အဓိအားကိုးပြီး ပို့တာ၊ အခု ဘင်္ဂလားဒေ့ရှ်ကိုပါ တင်ပို့ရမယ်ဆိုတော့ တောင်သူတွေလည်း စျေးကောင်းရတာပေါ့။ တခြားပို့တာတွေတော့ ရှိပါတယ်၊ ဗီယက်နမ်တို့၊ တရုတ်ဘက်တို့ကိုပေါ့၊ အဲဒါက တော်တော်နည်းပါတယ်” လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် စိုက်ပျိုးဝန်ကြီးဌာန အတွင်းဝန် ​ဝဟီဒါအက်ခ်တာက မြန်မာအပါအဝင် နိုင်ငံပေါင်း ၉ နိုင်ငံက ကြက်သွန်တင်သွင်းခွင့်ပြုမယ်လို့ ပြီးခဲ့တဲ့ ​သြဂုတ် ၂၇ ရက်က ပြောကြားခဲ့ပါတယ်။

ကြက်သွန်နီပေါတဲ့ အချိန်မှာတောင် ကြက်သွန်နီစျေးနှုန်း အဆမတန် မြင့်တက်ခဲ့တာဟာ တောင်သူတွေအတွက် အကျိုးအမြတ်ရှိတာမှန်ပေမဲ့ စားသုံးသူတွေပေါ်မှာတော့ ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိနေတယ်လို့ အောင်ပန်း ကုန်အမျိုးမျိုးရောင်းဝယ်ရေးဒိုင်တဦးက ပြောပါတယ်။

“ကြက်သွန်နီစပေါ်တဲ့အချိန်မှာ စျေးတအားကောင်းသွားတော့ တောင်သူတွေ အဆင်ပြေသွားတာပေါ့။ တဖက်ကကြည့်ရင် စားသုံးသူတွေက လက်လီစျေးကွက်မှာ ကြက်သွန် ၁ ပိဿာကို ၄,၅၀၀ လောက်နဲ့ ဝယ်စားနေရတယ်။ အခု စပေါ်တဲ့အချိန်ဖြစ်လို့ပါ၊ နှစ်ကုန်ပြီး ကြက်သွန်စျေးကောင်းရတဲ့အချိန်ဆို သေချာတယ်၊ လက်ကားစျေးတောင် ၅,၀၀၀ လောက် သွားကပ်နေမှာ။ အဲ့လိုဖြစ်လာရင် စားသုံးသူတွေအတွက် အဆင်ပြေတော့မှာ မဟုတ်ဘူး။ အရင်ကဆို ကြက်သွန်နီဆို အိန္ဒိယကဝယ်တယ်၊ ကြက်သွန်ဖြူဆို ဘင်္ဂလားဒေ့ရှ်က ဝယ်တယ်။ အခု ဘင်္ဂလားဒေ့ရှ်က ကြက်သွန်နီဝယ်မယ်ဆိုတော့ ကြက်သွန်စျေးက ထိုးတက်သွားတာပေါ့။”

ဘင်္ဂလားစိုက်ပျိုးဝန်ကြီးဌာနက မြန်မာနိုင်ငံမှ ကြက်သွန်တန်ချိန် ၂၀၀ ဝယ်ယူသွားမယ်လို့ ထုတ်ပြန်ခဲ့ပေမဲ့ ဘယ်အချိန်မှာ တင်သွင်းသွားမယ် ဆိုတာကိုတော့ ထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး။

မြန်မာတနိုင်ငံလုံး အတိုင်းအတာအနေနဲ့ တနှစ်ကို ကြက်သွန်နီပိဿာချိန် သိန်း ၆၀၀ ခန့် ထွက်ရှိတယ်လို့ စစ်ကောင်စီရဲ့ စားသုံးသူရေးရာဦးစီးဌာန အချက်အလက်တွေအရ သိရပါတယ်။

မြန်မာနိုင်ငံမှာ ကြက်သွန်နီကို ပခုက္ကူ၊ ဆိတ်ဖြူ၊ ဆင်ဖြူကျွန်း၊ စလင်း၊ ရေနံချောင်း၊ ကျောက်ပန်းတောင်း၊ တောင်တွင်းကြီး၊ မြင်းခြံ၊ တောင်သာ၊ မြစ်သားနဲ့ ကျောက်ဆည်နယ်တို့မှာ စိုက်ပျိုးပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013