ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ နေအိမ်တအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး အမျိုးသမီးတွေအပါအဝင် လူငယ် ၁၁ ဦးကို ဖမ်းဆီးသွားကြောင်း မြို့ခံတွေထံက သိရပါတယ်။
အရှေ့လယ်ကုန်းရပ်ကွက်မှာ ရှိတဲ့ နေအိမ်တအိမ်ကို သြဂုတ် ၂၈ ရက် ညက စစ်ကောင်စီတပ်သား အင်အား ၃၀ ထက်မနည်းက ဝင်ရောက်စီနင်းပြီး လူငယ် ၁၁ဦးကို ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
လယ်ကုန်းရပ်ကွက် မှာ နေထိုင်သူ တစ်ဦးက "ည ၉ နာရီလောက် စစ်တပ်က ကားသုံးစီးနဲ့ အင်အား ၃၀ လောက်ရှိတယ်။ အိမ်ကိုပတ်လည်ဝိုင်းပြီး ဝင်စီးတာ။ PDF ရှိလို့ဆိုပြီးဖမ်းတာ။ အဲ့ဒီထဲက လူငယ်တစ်ဦးကတော့ သူအရင်က PDF အဖွဲ့ထဲပါခဲ့တယ်လို့ ကြားတယ်။ အဲ့ဒါကို လူငယ် ၁၁ ဦးလုံး ကားပေါ်တင် ဖမ်းသွားတယ်" လို့ ပြောပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ လူငယ်အမျိုးသား ၆ ဦးနဲ့ လူငယ်အမျိုးသမီး ၅ ဦးတို့ပါဝင်ပြီး သူတို့ကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ဖမ်းဆီးသွားတာလို့လည်း ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဧပြီ ၂၄ ရက် ကလည်း လယ်ကုန်းရပ်ကွက်နဲ့ ဆက်စပ်နေတဲ့ ရမ်ပူရပ်ကွက်က နေအိမ်တအိမ်မှာ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ လူငယ်တွေ နေထိုင်တယ်ဆိုပြီး စစ်ကောင်စီတပ်က ဝင်ရောက်ပစ်ခတ် ဖမ်းဆီးခဲ့တဲ့အတွက် လူငယ် ၂ ဦးသေဆုံးခဲ့ပြီး ၃ ဦး ဖမ်းဆီးခံခဲ့ရပါသေးတယ်။